ရှေ့သို့
Image

အဝတ်လဲခန်းထဲမှာအုပ်စုဖွဲ့တာမျိုး ကစားသမားတိုင်း မဖြစ်မနေရှောင်ရတယ်လို့ ဖရက်ဒ် ဖွင့်ဟ

3:19 PM, 12 July

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ဖရက်က နည်းပြတန်ဟတ်လက်အောက်မှာ အသင်းကိုပြန်လည်အဆင့် မြှင့်တင်ချင်တယ်ဆိုရင် အဝတ်လဲခန်းထဲမှာ အုပ်စုဖွဲ့တာမျိုးကို ကစားသမားတိုင်း မဖြစ်မနေရှောင်ရှားရဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီတုန်းက ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဆိုးရွားဆုံးမှတ်တမ်းကို ရရှိခဲ့ပြီး အသင်းအတွင်းမှာလည်း အဆိပ်အတောက်ဆန်တဲ့ ပြဿနာပေါင်းဆုံး ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုကိစ္စမျိုးတန်ဟတ်လက်ထက်မှာတော့ လုံးဖြစ်လို့မရတောသလို နယ်သာလန်သားကြီး စည်းမျဉ်းအသစ်တွေ ချမှတ်ကာ ပြဿနာတွေကို ကြိုတင်ကိုင်တွယ်ဖြေရှင်းထားပြီး ဖြစ်ပါတယ်။ တန်ဟတ်က သူ့ရဲ့ကစားသမားတွေကို စည်းမျဉ်းတွေ ချမှတ်ထားပြီး ဒီစည်းမျဉ်းတိုင်းက ကစားသမားတိုင်းအတွက် အရေးပါကြောင်း ပြောထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခြေစမ်းခရီးစဉ်ရောက်ရှိနေတဲ့ ဖရက်ဒ်က “ ကျွန်တော်တို့စည်းလုံးဖို့လိုပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက အားလုံးခက်ခဲခဲ့ကြတာ အသိပါပဲ။ ဒီရာသီကတော့ နည်းပြသစ်၊ စည်းမျဉ်းသစ်တွေလည်း ရှိနေပါပြီ။ အားလုံးကလည်း တစ်သွေးတည်းတစ်သားတည်းဖြစ်နေပါပြီ။ ကျွန်တော်တို့အသင်းက ဒါမျိုးဖြစ်နေရမှာ။ ယူနိုက်တက်ဖြစ်နေတဲ့အတွက်ကို ပိုပြီးအင်အားတောင့်တင်းနေရပါမယ်။ ပိုပြီး အင်အား တောင့်တင်းလာအောင်လည်း အာရုံစိုက်ထားတယ်။ အဲရစ်က ကျွန်တော်တို့ကို ပိုပြီးစည်းလုံးမှုရှိလာအောင် ကူညီပေးနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေကနေ အခုချိန်ထိ ကျွန်တော်တို့ ဖလားလက်မဲ့ဖြစ်ခဲ့ပါတယ်။ တစ်ခုခုပြောင်းလဲပြီး အောင်မြင်မှုတွေ စယူဖို့အချိန်ကျပါပြီ။ ဒီလိုမှမလုပ်ရင် ဘာမှအောင်မြင်လာမှာ မဟုတ်ဘူး။

တန်ဟတ်ကိုယ်တိုင်လည်း ဒါကိုကောင်းကောင်းသိတယ်။ မန်ချက်စတာယူနိုက်တက်ကို ထိပ်ဆုံးပြန်ရောက်အောင် ပြန်လုပ်ဖို့တန်ဟတ်နဲ့အတူ အားလုံးကအကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော်တို့လိုနေတာကိုက နည်းပြကောင်းတစ်ယောက်ရဲ့ ထိရောက်တဲ့ သင်ကြားပြသမှုတွေပါ။ အများကြီးအထောက်အကူဖြစ်ပါတယ်။ သူကအလုပ်လုပ်ရင် အရမ်းတိကျတယ်။ သူ့ဟာနဲ့သူ အချက်အလက်တွေ အများကြီးရှိတယ်။ နေ့ရက်တိုင်းက အသေးစိတ်ကျတာပါ။ အလုပ်လုပ်ရတာလည်း ပိုကောင်းလာတာပေါ့။ ကွင်းထဲမှာရှိတဲ့ လူတိုင်းက အသင်းကိုကူညီဖို့ အစွမ်းကုန်ကြိုးစားနေကြပါတယ်”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ အသင်းကနေ ထွက်ခွာသွားကြပြီဖြစ်တဲ့ ပေါလ်ပေါ့ဂ်ဘာနဲ့ နီမန်ဂျာမာတစ်တို့ရဲ့ နေရာမှာအစားထိုးဖို့ ကွင်းလယ်ကစားသမားသစ် ရှာဖွေနေပေမယ့် ဖရက်ဒ်ကတော့ သူနဲ့အပြိုင် ကွင်းလယ်မှာ နေရာလုရမယ့် ကစားသမားတွေကို ကြိုဆိုနေကြောင်း ပြောခဲ့ပါသေးတယ်။

ဖရက်ဒ်က “ပေါ့ဂ်ဘာက ကစားသမားကောင်းတစ်ယောက်ပါ၊ သူပြောင်းသွားတာတော့ နှမြောစရာပါပဲ။ အကောင်းဆုံးတွေပဲ ဖြစ်လာဖို့ ဆုတောင်းပေးပါတယ်။ ပြိုင်ဆိုင်မှုတွေဆိုတာတော့ ရှိနေမှာပါပဲ။ ကျွန်တော်တို့အသင်းက ကမ္ဘာ့အကြီးကျယ်ဆုံး အသင်း တစ်သင်းပါ။ ဒီအသင်းကိုလာတဲ့ ကစားသမားတိုင်းက ဘောလုံးကစားချင်လို့ပါ၊ ကျွန်တော်တို့လည်း ကစားချင်ပါတယ် အဲ့ဒါကြောင့် ဒါကပြိုင်ပွဲတစ်ခုလိုဖြစ်လာတယ်။ ကျွန်တော်ဆိုဒီကိုရောက်တာ ၄ နှစ်ရှီပြီ၊ ကျွန်တော့်အတွက် အရမ်းအရေးကြီးတဲ့ အခိုက်အတန့်တွေပဲ။ ပွဲကောင်းတွေနဲ့ မကြာခင်ပြန်လာခဲ့ပါမယ်။ အားလုံးလည်း ကြိုးစားနေကြတယ်။ ယူနိုက်တက်နဲ့မကြာခင် ဆုဖလားတွေယူသွားမှာပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ဖရက်ဒ်