ရှေ့သို့
Image

ချဲလ်ဆီးနဲ့ အတူ အဓိက ဆုဖလားကြီးတွေကို ဆွတ်ခူးလိုတယ်လို့ ထုတ်ပြောလာတဲ့ ဘန်ချီဝဲလ်

2:50 PM, 11 July

ချဲလ်ဆီးနောက်ခံအစွန်လူ ဘန်ချီဝဲလ်က အနောက်လန်ဒန်ကလပ်နဲ့အတူ အဓိကဆုဖလားကြီးတွေကို ဆွတ်ခူးလိုတဲ့ဆန္ဒရှိနေပြီး အသင်းအနေနဲ့ မန်ချက်စတာစီးတီးနဲ့ လီဗာပူးတို့ကို အမှီလိုက်နိုင်ဖို့ တစ်ရာသီလုံး ခြေစွမ်းတည်ငြိမ်မှုရှိနေဖို့ လိုအပ်မယ်လို့ ထုတ်ပြောလာပါတယ်။ ယမန်နှစ်၊ အောက်တိုဘာလအတွင်း ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဒူးအရွတ်ဒဏ်ရာရရှိခဲ့တဲ့အတွက် ဘင်ချီဝဲလ်က ပြီးခဲ့သည့်ဘောလုံးရာသီ လက်ကျန်ကာလတလျှောက်လုံး အနားယူခဲ့ရပါတယ်။

လက်စတာခံစစ်ကစားသမားဟောင်းက ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ၊ ချဲလ်ဆီးအတွက် ၁၃ ပွဲသာ ပါဝင်ကစားပေးနိုင်ခဲ့ပြီး သူဒဏ်ရာ ရရှိသွားချိန်မှာ သူ့နေရာကို မားကို့စ်အလွန်ဆိုက ဝင်ကစားပေးခဲ့ပါတယ်။ အခုရာသီကြိုကာလမှာတော့ ဘန်ချီဝဲလ်က အသင်းဆီပြန်လည်ပူးပေါင်းလာနိုင်ပြီး ချဲလ်ဆီးနဲ့အတူ အဓိကဆုဖလားတွေဆွတ်ခူးလိုတယ်လို့ The Athletic သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ဘန်ချီဝဲလ်က “ဒီကလပ်က ချဲလ်ဆီးပါ။ ကျွန်တော်တို့ ဆုဖလားကြီးတွေ အနိုင်ရချင်ပါတယ်။ ကျွန်တော်တို့က အသင်းကောင်းတစ်သင်းဖြစ်ပါတယ်။ အသင်းကို ကစားသမားကောင်းအချို့နဲ့အတူ အင်အားထပ်ဖြည့်နိုင်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့မှာ ပိုင်ရှင်သစ်နဲ့အတူ နည်းပြကောင်းတစ်ယောက်ရှိသလို လေ့ကျင့်ရေးကွင်းကောင်းကောင်းနဲ့ အရမ်းတော်တဲ့ အသင်းဝန်ထမ်းတွေ ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် အရာအားလုံးက နေရာတကျရှိနေပြီးသားပါ။ အခုတော့ အလုပ်တွေကြိုးစားပြီး ရည်မှန်းချက်တွေဖြစ်မြောက်အောင် တစ်ဦးနဲ့တစ်ဦး တွန်းအားပေးလှုံ့ဆော်သွားဖို့ ကျွန်တော်တို့အပေါ်မှာပဲ မူတည်နေပါတယ်”လို့ ပြောဆိုခဲ့တာပါ။

ပရီးမီးယားလိဂ်ထိပ်သီးနှစ်သင်းဖြစ်တဲ့ မန်စီးတီး၊ လီဗာပူးတို့နဲ့ ပြီးခဲ့တဲ့ရာသီအနီးဆုံးစိန်ခေါ်သူအဖြစ် ချဲလ်ဆီးက ရပ်တည်ခဲ့ပေမယ့် တကယ်တမ်းမှာတော့ ချဲလ်ဆီးက အမှတ်ပေးဇယားအဆင့်-၂နေရာက လီဗာပူးရဲ့နောက်မှာ ၁၈ မှတ်အထိ ပြတ်ကျန်ခဲ့ပါတယ်။ ဘန်ချီဝဲလ်နဲ့သူ့အသင်းဖော်တွေကတော့ ဒီထိပ်သီးနှစ်သင်းနဲ့ ကွာဟမှုတွေကို လျှော့ချသွားဖို့ လိုအပ်တယ်ဆိုတာကို နားလည်မှုအပြည့်ရှိနေပါတယ်။

“ပြီးခဲ့တဲ့လေးငါးနှစ်အတွင်းမှာ မန်စီးတီးနဲ့ လီဗာပူးက အဆင့်တစ်ခုမှာ ရှိနေတာကို ပြသခဲ့ပါတယ်။ လိဂ်ရဲ့ ကျန်တဲ့အသင်းတိုင်းကလည်း သူတို့ကိုအမှီလိုက်ဖို့ ဆန္ဒပြင်းပြနေကြတာပါ။ ပြီးခဲ့တဲ့ရာသီမှာ ကျွန်တော်တို့ အသင်းက သူတို့တွေနဲ့ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို ကွင်းထဲမှာပြသနိုင်ခဲ့ပေမယ့် သူတို့လိုတော့ ခြေစွမ်းတည်ငြိမ်မှုမျိုး ရှိမနေခဲ့ပါဘူး။ သူတို့နှစ်သင်းက တစ်ရာသီလောက်ပဲ အံ့သြစရာတွေ လုပ်ပြနေတာမျိုးမဟုတ်ဘူး။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ သူတို့နှစ်သင်းက ဘောလုံးရာသီအစအဆုံး စွမ်းဆောင်ပြထားတာပါ။  အဲ့ဒီလိုနေရာရောက်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”လို့ ဘန်ချီဝဲလ်က ဆက်ပြောခဲ့ပါတယ်။ #ချဲလ်ဆီး #ချီဝဲလ်