ရှေ့သို့
Image

စီနီယာ ကစားသမားတစ်ယောက်ကို လုပ်ခတိုးမြှင့်မှုတွေပါဝင်တဲ့ စာချုပ်သစ်ကမ်းလှမ်းမယ့် လီဗာပူး

12:49 PM, 11 July

လီဗာပူးရဲ့ စီနီယာကစားသမားတွေဖြစ်တဲ့ မိုဆာလက်၊ ဂျိမ်းမီနာနဲ့ ဂျိုးဂိုမက်ဇ်တို့ကို အသင်းက စာချုပ်သစ်တွေ ချုပ်ခဲ့ပြီးနောက်မှာ နောက်ထပ်စီနီယာကစားသမားတစ်ယောက်ကိုလည်း လုပ်ခတိုးမြှင့်မှုတွေပါတဲ့ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းဖို့ ရှိနေပါတယ်။

ပြီးခဲ့တဲ့ကြာသပတေးနေ့ကပဲ နောက်ခံလူ ဂျိုးဂိုမက်ဇ်ကို ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုနိုင်ခဲ့တယ်လို့ လီဗာပူးက ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဧပြီလအတွင်း ဂျာမန်လူမျိုးနည်းပြ ကလော့ပ်ကို  ၂၀၂၆ ခုနှစ်အထိ အသင်းမှာ ဆက်ရှိနေဖို့ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့မှုဟာ အသင်းရဲ့အဓိက ကစားသမားတွေကို ဆက်ထိန်းထားနိုင်ဖို့ အဓိကအခန်းကဏ္ဍတစ်ခု ဖြစ်စေခဲ့ပါတယ်။

စက်တင်ဘာ ၁ရက် အပြောင်းအရွှေ့ရာသီပိတ်ချိန်မတိုင်ခင် ကလော့ပ်ရဲ့အသင်းအတွက် ကစားသမားသစ်တွေ ရောက်လာဖို့ မျှော်လင့်လို့မရပေမယ့် လီဗာပူးအားကစားဒါရိုက်တာသစ် ဂျူလီယန်ဝက်ဒ်ကတော့ ကစားသမားရောင်းချမှုတွေ၊ အငှားချမှုတွေ၊ စာချုပ်သက်တမ်းတိုးမှုတွေနဲ့အတူ အလုပ်ရှုပ်နေရဦးမှာပါ။ Goal သတင်းဌာနရဲ့ နာမည်ကျော်သတင်းထောက် Neil Jones ရဲ့ အဆိုအရ ဂျိုတာက အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့် လီဗာပူးရဲ့စီနီယာကစားသမားတွေထဲက တစ်ယောက်လို့ သိရပြီး လာမည့်သီတင်းပတ်တွေအတွင်း ဆွေးနွေးမှုတွေ စတင်မယ်လို့ မျှော်လင့်ရတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ပေါ်တူဂီလက်ရွေးစင်တိုက်စစ်မှူးရဲ့ စာချုပ်သစ်မှာ လုပ်ခတိုးမြှင့်ပေးသွားမယ့်အပိုင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဂျိုတာက ၂၀၂၀ ခုနှစ်အပြောင်းအရွှေ့ကာလမှာ ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ဝုဗ်ကနေ လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ငါးနှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုခဲ့ပါတယ်။

ဂျိုတာရဲ့လက်ရှိလုပ်ခလစာဘယ်လောက်ရရှိနေတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါပေမယ့် လီဗာပူးက ပေါ်တူဂီသားလို ကစားသမားသစ်ခေါ်ယူမှုတွေမှာ လုပ်ခလစာကို တစ်ပတ် ပေါင် တစ်သိန်းအောက်သာ ပေးလေ့ရှိတာကြောင့် ဂျိုတာက ကလပ်ရဲ့ လစာအများဆုံးကစားသမားစာရင်းမှာ ပါဝင်နိုင်ဖွယ် မရှိပါဘူး။

သို့သော်လည်း အန်ဖီးလ်ကလပ်အတွက် ၈၅ ပွဲကစား၊ ၃၄ ဂိုးသွင်းယူပေးထားတဲ့ ဂျိုတာရဲ့စွမ်းဆောင်ရည်က ကလပ်ရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဒါဝင်နူနက်ဇ်ရဲ့ လုပ်ခလောက်မျိုးအထိတော့ တိုးမြှင့်လာဖွယ်ရှိနေပါတယ်။ နူနက်ဇ်ကတော့ တစ်ပတ်လုပ်ခ ပေါင် ၁၄၀,၀၀၀ ဝန်းကျင်နဲ့ လီဗာပူးဆီ ပြောင်းရွှေ့လာတာပါ။

လီဗာပူးက ကွင်းလယ်လူနာဘီကီတာနဲ့လည်း စာချုပ်သစ် ချုပ်ဖို့ ဆွေးနွေးသွားဖွယ် ရှိတယ်လို့လည်း Neil Jones က ထပ်ပြောထားပါတယ်။ ကီတာလိုပဲ ၂၀၂၃ ခုနှစ်နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဖာမီနိုနဲ့ ချိန်ဘာလိန်တို့ အနာဂတ်အတွက် လီဗာပူးက ဘယ်လိုစီမံမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။

#လီဗာပူး #မီနာ #ကလော့ပ် #ဂိုမက်ဇ်