ရာသီကြိုခြေစမ်းပွဲလူစာရင်းမှာ ရာဖင်ဟာ ပါဝင်မှာမဟုတ်ကြောင်း လိဒ်အတည်ပြု
12:09 PM, 10 July
လိဒ်ယူနိုက်တက်အသင်းကတော့ ရာဖင်ဟာတစ်ယောက် ရာသီကြိုခြေစမ်းပွဲလူစာရင်းမှာ ပါဝင်မှာမဟုတ်ဘူးလို့ အတည်ပြုခဲ့ပြီး အနာဂတ်အတွက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဘာစီလိုနာဟာ သူပြောင်းချင်တဲ့အသင်းဖြစ်ြပြီး သောကြာနေ့တုန်းက ကမ်းလှမ်းမှုတိုးမြှင့်ခဲ့ပေမယ့် ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုက အကောင်းဆုံးအနေအထားဖြစ်နေဆဲဖြစ်ပါတယ်။
လိဒ်ယူနိုက်တက်ဟာ သြစတြေးလျကို ရာသီကြိုခြေစမ်းပွဲထွက်ခွာခဲ့ပြီဖြစ်ကာ ရာဖင်ဟာတစ်ယောက် လူစာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။
ဂျက်ဆီမာ့ချ်ရဲ့အသင်းဟာ Roar ၊ အက်စ်တွန်ဗီလာ ၊ ခရစ္စတယ်ပဲလေ့စ်တို့နဲ့ ကစားမှာဖြစ်ပြီး ရာဖင်ဟာကတော့ ဘာစီလိုနာအသင်းကိုသာ ပြောင်းချင်နေပါတယ်။
ချဲလ်ဆီးဟာ လိဒ်ယူနိုက်တက်နဲ့ သဘောတူညီမှုရရှိထားပြီးဖြစ်ပေမယ့် ကစားသမားက စပိန်မြေကိုသာ သွားချင်နေပါတယ်။
ဘာစီလိုနာဟာ အကြွေးပေါင် ၅၀၈ သန်းလောက်ရှိနေတဲ့အနေထားမှာ အခြေအနေတည်ငြိမ်ဖို့ အချို့ရုပ်သံမူပိုင်ခွင့်တွေကို ရောင်းချနေရပါတယ်။
ဘဏ္ဍာရေးအခက်အခဲရှိနေပေမယ့် ဘာစီလိုနာဟာ ကက်ဆီး နဲ့ ခရစ္စတီယန်ဆန်တို့ကို ခေါ်ယူထားကာ မှတ်ပုံတော့ မတင်ရသေးတာဖြစ်ပါတယ်။
အကြွေးအခြေအနေကြောင့် ဘာစီလိုနာဟာ ရာဖင်ဟာအတွက် လိဒ်ကို အရစ်ကျနဲ့ပေးချေရဖွယ်ရှိနေပါတယ်။ “သူ့အနာဂတ်က အဆုံးသတ်ဖို့ အရေးပေါ်လိုအပ်နေပါတယ်။ ကျွန်တော်တို့ အဖြေရှာဖို့ လိုအပ်နေပါတယ်။ လာမယ့်ရက်အနည်းငယ်လောက်မှာ အဖြေထွက်မယ်လို့ ထင်ပါတယ်။
ဒီနွေရာသီက သူ့အတွက် မလွယ်ကူခဲ့ပါဘူး။ အဖြစ်အပျက်တွေအများကြီးဖြစ်ခဲ့ပါတယ်။ ဆွေးနွေးမှုတွေရှိခဲ့ပေမယ့် ကျွန်တော်တို့ကစားသမားအဖြစ် ရှိနေဆဲပါ”လို့ ဂျက်ဆီမာ့ချ်က ပြောကြားခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ ကွင်းလယ်လူ ရှလက်တန်က မီလ်ဝေါအသင်းကို အငှားထွက်ကစားဖို့ ပြင်ဆင်နေပါတယ်။