ရှေ့သို့
Image

ကယ်ဗင်ဖီးလစ်စ်ရဲ့ ကိုယ်ရေးသမိုင်း

4:12 PM, 8 July

ကယ်ဗင်ဖီးလစ်စ်ဆိုတာ ဘယ်သူလဲ
၂၀၂၀-၂၀၂၁ ဘောလုံးရာသီအဖွင့်ပွဲစဉ်မှာ လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးကို ချန်ပီယံရှစ်ချန်ပီယံအဖြစ် တန်းတက်လာတဲ့ လိဒ်က အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရပါတယ်။ ဒီပွဲစဉ်မှာတော့ လီဗာပူးက လိဒ်ကို ၄-၃ ဂိုးနဲ့ ခက်ခက်ခဲခဲကစားခဲ့ရသလို ဧည့်သည်အသင်းရဲ့ ဗဟိုကွင်းလယ်ပိုင်းမှာ စွဲမက်လောက်ဖွယ်ကစားပုံနဲ့ ကွင်းလယ်လူတစ်ယောက်ကို ဘောလုံးပရိသတ်တွေ သတိထားမိလာကြပါတယ်။

သူ့ရဲ့ အသင်းအပေါ် ဦးဆောင်နိုင်မှု၊ ဘောလုံးစွမ်းရည်၊ အားမာန်နဲ့ ကစားပုံတွေကြောင့် လူတိုင်းက ပါးစပ်ဟောင်းလောင်းအံ့သြမှင်သက်သွားစေခဲ့တာပါ။ ဒီလူငယ်ကစားသမားလေးကတော့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာစီးတီးရဲ့ ဒီနှစ်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူခဲ့တဲ့ လိဒ်ယူနိုက်တက်ကွင်းလယ်လူဟောင်း ကယ်ဗင်ဖီးလစ်စ်ပဲ ဖြစ်ပါတယ်။

ငယ်စဉ်ဘဝနဲ့ အသက်မွေးဝမ်းကြောင်း
ကယ်ဗင်ဖီးလစ်စ်ကို ၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂလန်နိုင်ငံ၊ အနောက်ဝက်စ်ရှိုင်းယားဒေသမှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ အလယ်တန်းကျောင်းသားဘဝကိုတော့ အင်္ဂလန်နိုင်ငံရဲ့ နာမည်ကြီး the Farnley Academy မှာ တက်ရောက်သင်ကြားခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်အကယ်ဒမီထွက်ကစားသမားတစ်ဦးဖြစ်တဲ့ ကယ်ဗင်ဖီးလစ်စ်က စီနီယာအသင်းအတွက် ပွဲဦးထွက်ကို ၂၀၁၅ ခုနှစ်မှာ ကစားခဲ့ရပါတယ်။၂၀၁၉-၂၀၂၀ ဘောလုံးရာသီ၊ ဘီရယ်လ်ဆာလက်အောက် ချန်ပီယံရှစ်မှာ ဗိုလ်စွဲခဲ့တဲ့ လိဒ်ယူနိုက်တက်အသင်းမှာ ကယ်ဗင်ဖီးလစ်စ်လည်း ပါဝင်ခဲ့ပါတယ်။ အဲ့ဒီဘောလုံးရာသီနောက်ပိုင်းမှာတော့ ဖီးလစ်စ်က အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ ရရှိလာခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။

အစောပိုင်းအဆင့်များ
ဖီးလစ်စ်က သူရဲ့ငယ်ဘဝတွေကို ဒေသခံကလပ် ဝါ့တ်လေမှာ ၂၀၀၃ ခုနှစ်ကနေ ၂၀၁၀ ခုနှစ်အထိ ကစားရင်း ကျော်ဖြတ်ခဲ့တာပါ။ အသက် ၁၄ နှစ်အရွယ်မှာတော့ သူက အင်္ဂလန်ရဲ့ထိပ်တန်းအသင်းကြီးတစ်ခုဖြစ်တဲ့ လိဒ်ယူနိုက်တက်ရဲ့ အကယ်ဒမီမှာ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။ ကလပ်ရဲ့ လူငယ်အဆင့်ပြိုင်ပွဲတွေမှာ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့ ဖိလစ်စ်ကို ၂၀၁၄ ခုနှစ်နွေရာသီမှာ လိဒ်က ပရော်ဖက်ရှင်နယ်ကစားသမား စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာတော့ ဖီးလစ်စ်က လိဒ်ယူနိုက်တက်အကယ်ဒမီအသင်းနဲ့ လိဒ်ယူ-၁၈ အသင်းတို့ရဲ့ အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။ အဲ့ဒီဘောလုံးရာသီရဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဆန်းဒါးလန်းနဲ့ပွဲစဉ်အတွက် လိဒ်ယူနိုက်တက်စီနီယာအသင်းလူစာရင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် လူစားဝင်ကစားခွင့်တော့ မရခဲ့ပါဘူး။ လိဒ်ယူနိုက်တက်အကယ်ဒမီနည်းပြ ဂျာဆန်ဘလန့်ကတော့ ဒီကစားသမားလေးဟာ နောင်တချိန်မှာ အသင်းရဲ့ နာမည်ကျော်ကစားသမားတစ်ဦး ဖြစ်လာလိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

နောက်ပိုင်း လိဒ်ယူနိုက်တက်ရဲ့အမှတ်ပေးပွဲစဉ်တွေမှာ အသင်းအရန်လူစာရင်းတွေထဲ ပါဝင်ခဲ့ပေမယ့် သူရဲ့ ပရော်ဖက်ရှင်နယ်ကစားသမားပွဲဦးထွက်ကိုတော့ ဧပြီလအတွင်းကစားခဲ့တဲ့ ဝုဗ်နဲ့ပွဲစဉ်မှာ ရရှိခဲ့ပါတယ်။  ၂၀၁၄-၂၀၁၅ ဘောလုံးရာသီမှာတော့ လိဒ်ယူနိုက်တက်အကယ်ဒမီက ဖီးလစ်စ်နဲ့အတူ ဆမ်ဘိုင်ရမ်၊ ချာလီတေလာ၊ အဲလက်စ်မော်ဝက်နဲ့ လီဝပ်ကွတ်တို့လို လူငယ်သွေးသစ်ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

အဲ့ဒီဘောလုံးရာသီနှောင်းပိုင်း အိမ်ကွင်းအယ်လင်ရုဒ်မှာ ကစားတဲ့ ကာဒစ်ဖ်နဲ့ပွဲစဉ်မှာတော့ ဖီးလစ်စ်က လိဒ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်နိုင်ခဲ့သလို သွင်းဂိုးတစ်ဂိုး ရယူပေးခဲ့ပေမယ့် ပွဲအပြီးမှာတော့ ကာဒစ်ဖ်က ၂-၁ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

၂၀၁၄-၂၀၁၅ ရာသီကုန်မှာ ဖီးလစ်စ်က နှစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး လာမည့်ရာသီသစ်မှာ စီနီယာအသင်းကျောနံပါတ် ၂၇ ကို ဝတ်ဆင်ကစားခွင့် ရရှိခဲ့ပါတယ်။ ဒါပေမယ့် အဲ့ဒီနွေရာသီမှာ လိဒ်ယူနိုက်တက်နည်းပြအဖြစ် ရက်ဒ်ဖီရန် ထုတ်ပယ်ခံရပြီးနောက်မှာတော့ ဖီးလစ်စ်ဟာ နည်းပြသစ်တွေရဲ့လက်အောက် ၂၀၁၅- ၂၀၁၆ ဘောလုံးရာသီအမှတ်ပေးပွဲ ၁၀ ပွဲလောက်ပဲ ပါဝင်ကစားခွင့်ရခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပြန်လည်ဆန်းသစ်လာချိန်
၂၀၁၆ ခုနှစ်နွေရာသီမှာ ဂယ်ရီမွန့်ခ်က လိဒ်ယူနိုက်တက်နည်းပြဖြစ်လာခဲ့ပါတယ်။ ဒီနောက်မှာတော့ ဖီးလစ်စ်ကို အသင်းမှာ နောက်ထပ်သုံးနှစ်သက်တမ်းတိုးစာချုပ်ကမ်းလှမ်းခဲ့ပြီး ကစားသမားကလည်း အသင်းမှာဆက်ရှိနေဖို့အတွက် ကမ်းလှမ်းမှုကို လက်ခံခဲ့ပါတယ်။ ရာသီသစ်အတွက် ဖီးလစ်စ်ရဲ့ အဖွင့်ဂိုးကိုတော့ နော့တင်ဟမ်ဖောရက်စ်ကို ၃-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဖရီးကစ်အဝေးကန်ချက်ကနေ ရရှိခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအတွင်း လိဒ်ယူနိုက်တက်ကပ္ပတိန် ဘရစ်ကပ်တ်တစ်ယောက် ဒဏ်ရာကြောင့် အနားယူလိုက်ရချိန်မှာတော့ လိဒ်ယူနိုက်တက်ရဲ့ကွင်းလယ်မှာ ပွဲထွက်ပါဝင်ကစားနိုင်ဖို့ ဖီးလစ်စ် အခွင့်အရေးရရှိလာခဲ့ပါတယ်။

ဖီးလစ်စ်ကတော့ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ အသင်းရဲ့အဓိကကစားသမားဖြစ်လာတဲ့အထိ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။  လိဒ်အတွက် အကောင်းဆုံးခြေစွမ်းပြနေတဲ့ ဖီးလစ်စ်က ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ချန်ပီယံရှစ်အကောင်းဆုံးလူငယ်ကစားသမားဆုနဲ့ ထိုက်တန်စေခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ပထမဆုံးအနီကတ်ကို ဖီးလစ်စ် ရရှိခဲ့ပါတယ်။

၂၀၁၇-၂၀၁၈ ချန်ပီယံရှစ်ဘောလုံးရာသီမှာလည်း ဖီးလစ်စ်က အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ အသင်းဖော် အိုကိန်းနဲ့အတူ တွဲဖက်ခြေစွမ်းပြခဲ့ပေမယ့် လိဒ်အသင်းကတော့ နည်းပြ သောမတ်စ် ခရစ္စတန်ဆန်ကို မထုတ်ပယ်ခင်အထိ ခြေစွမ်းပိုင်းအားနည်းခဲ့ပါတယ်။ ဖီးလစ်စ်ကတော့ အဲ့ဒီဘောလုံးရာသီမှာ သွင်းဂိုး ၇ ဂိုး၊ ဂိုးဖန်တီးမှု ၃ ကြိမ်နဲ့ အဲ့ဒီအချိန်က ကစားသမားဘဝရဲ့ ဂိုးသွင်းအများဆုံးဘောလုံးရာသီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။

၂၀၁၈-၂၀၁၉ ရာသီကြိုကာလမှာတော့ အသင်းနည်းပြသစ် ဘီယဲလ်ဆာရဲ့ နည်းဗျူဟာတွေနဲ့အညီ ရာသီသစ်အတွက် ဗဟိုနောက်ခံလူအဖြစ်ရော၊ deep-lying playmaker အဖြစ်ရော လေ့ကျင့်နေတယ်လို့ ဖီးလစ်စ်က ထုတ်ပြောခဲ့ပါတယ်။ ရာသီသစ်စတင်ချိန်မှာတော့ သူကို့ ၄-၁-၄-၁ ကစားကွက်ရဲ့ Holding Midfielder တစ်ဦးအဖြစ် အသုံးပြုခဲ့ပါတယ်။ ဘီယဲလ်ဆာရဲ့လက်အောက်မှာ ဖီးလစ်စ်က လိဒ်အတွက် deep-lying defensive midfielder အဖြစ်ရော၊ သုံးယောက်တန်းခံစစ်ကစားကွက်မှာ အသင်းရဲ့ကစားကွက်တည်ဆောက်ဖို့ ဗဟိုနောက်ခံလူအဖြစ်ရော ကစားခဲ့ရပါတယ်။ သူရဲ့ ဒီလိုနည်းစနစ်ပိုင်း အရည်အချင်းကြွယ်ဝမှုတွေက အင်္ဂလန်လက်ရွေးစင်ဖြစ်လာတော့မယ်ဆိုပြီး အဲ့ဒီအချိန်ကတည်းက သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ လိဒ်အသင်းခေါင်းဆောင် လီယန်ကူပါး ဒူးဒဏ်ရာကြောင့် တစ်လခွဲခန့် အနားယူရလိုက်ချိန်မှာတော့ ဖီးလစ်စ်က ဗဟိုနောက်ခံလူအဖြစ်ပါ ပွဲပေါင်းများစွာ ကစားပေးခဲ့ရပါတယ်။ ကူပါး အသင်းဆီပြန်ပူးပေါင်းနိုင်ချိန်မှာတော့ ဖီးလစ်စ်က သူရဲ့ပုံမှန်နေရာဖြစ်တဲ့ defensive midfielder တာဝန်ကို ပြန်လည်ယူခဲ့ရပြီး ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းမှာတော့ အဲ့ဒီဘောလုံးရာသီမှာ သူရဲ့ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။

ဒီ့နောက်ပိုင်းမှာတော့ ဖီးလစ်စ်က Yorkshire Evening Post က ချီးမြှင့်တဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သလို လိဒ်အတွက် ပြိုင်ပွဲစုံ ၄၆ ပွဲကစား၊ တစ်ဂိုးသွင်းယူပြီး ချန်ပီယံရှစ်အမှတ်ပေးဇယားအဆင့်(၃)နေရာရရှိအောင် ကူညီပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်တန်းတက် Play-off ဆီမီးဖိုင်နယ်အဖြစ် ဒါဘီကောင်တီနဲ့ လိဒ်တို့ ရင်ဆိုင်ကစားခဲ့ရပြီး လိဒ်က ပထမအကျော့ အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့် ဒုတိယအကျော့မှာ ၄-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့  Play-off ဖိုင်နယ်နဲ့ လွဲချော်ခဲ့ပါတယ်။

အောင်မြင်မှုသက္ကရာဇ်များ
၂၀၁၉ ခုနှစ် နွေရာသီမှာတော့ လိဒ်စ်က ဖီးလစ်စ်နဲ့ စာချုပ်သစ်ဆွေးနွေးနေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို အဲ့ဒီနွေရာသီအပြောင်းအရွှေ့မှာ ဖီးလစ်စ်အတွက် ပေါင် ၂၇ သန်းတန်ကမ်းလှမ်းမှုတစ်ရပ်ကို ငြင်းပယ်ခဲ့ပါတယ်။ နောက်တစ်လကျော်အကြာမှာပဲ ဖီးလစ်စ်က လိဒ်စ်နဲ့ ငါးနှစ်စာချုပ်သစ်တစ်ရပ် ထပ်မံချုပ်ဆိုခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလထဲမှာတော့ ဘီယဲလ်ဆာလက်အောက် ဖီးလစ်စ်ရဲ့ Defensive Midfielder ပုံစံကောင်းတွေက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် အထောက်အကူဖြစ်စေမယ်ဆိုတဲ့ သုံးသပ်ချက်တွေ အမြောက်အများပေါ်ထွက်လာပါတယ်။

အင်္ဂလန်နည်းပြ ဆောက်ဂိတ်ကလည်း ဖီးလစ်စ်ကိုစောင့်ကြည့်ဖို့ ၂၀၂၀ ပြည့်နှစ်ဆန်းပိုင်းမှာ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ ရဲ့ ခြိမ်းခြောက်မှုကြောင့် အင်္ဂလန်ပြည်တွင်းဘောလုံးပြိုင်ပွဲတွေကို ခေတ္တရပ်နားထားခဲ့ရပြီး ဇွန်လရောက်မှ ပြန်လည်စတင်နိုင်ခဲ့တာပါ။ ချန်ပီယံရှစ်ပြိုင်ပွဲပြန်စတင်ချိန်မှာလည်း ဖီးလစ်စ်က ပုံစံကောင်းကို ထိန်းထားနိုင်ခဲ့ပေမယ့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်း ဆွမ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ရာသီကုန်အထိ ထပ်အနားယူခဲ့ရပါတယ်။ ဒါပေမယ့် လိဒ်စ်ယူနိုက်တက်ကတော့ အဲ့ဒီရာသီ ချန်ပီယံရှစ်ချန်ပီယံအဖြစ် အောင်ပွဲခံခဲ့ပြီး ပရီးမီးယားလိဂ်တန်းတက်ခွင့်ကို ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဖီးလစ်စ်ကတော့ လိဒ်ယူနိုက်တက်မှာ တစ်ရာသီလုံး တည်ငြိမ်တဲ့စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့လို့ The Guardian သတင်းစာက ရွေးချယ်တဲ့ ၂၀၁၉-၂၀၂၀ ချန်ပီယံရှစ်တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်ခွင့်ရသလို အင်္ဂလန်ပြည်တွင်းဘောလုံးလောကမှာ သြဇာတိက္ကမကြီးမားသော အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားအဖွဲ့အစည်း(PFA)ရဲ့ ၂၀၁၉-၂၀၂၀ ချန်ပီယံရှစ်တစ်နှစ်တာ အကောင်းဆုံး အသင်းမှာလည်း ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁၂ ရက်မှာတော့ ဖိလစ်စ်က သူ့ဘဝရဲ့ ပထမဆုံးပရီးမီးယားလိဂ်ပွဲဦးထွက်ကို ရာသီအဖွင့်ပွဲစဉ်အဖြစ် အန်ဖီးလ်ကွင်းမှာ လီဗာပူးယှဉ်ပြိုင်ကစားခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာတော့ ဟာရီဆန်ရဲ့ဂိုးအတွက် ဖီးလစ်စ်က ဂိုးဖန်တီးမှုပြုလုပ်ပေးခဲ့ပေမယ့် ပွဲပြီးချိန်မှာတော့ လီဗာပူးက လိဒ်စ်ကို ၄-၃ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်မှာတော့ ဖီးလစ်စ်က သူရဲ့ပထမဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို ဖရီးကစ်ကနေတိုက်ရိုက်ကန်သွင်းပြီး ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်မှာတော့ လိဒ်စ်က ဝက်ဘရွှန်းကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီး ရာသီအသိမ်းကို လှပစေခဲ့ပါတယ်။ ဖီးလစ်စ်ကတော့ ပရီးမီးယားလိဂ်တန်းဝင်ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

၂၀၂၂ ခုနှစ်နွေရာသီအပြောင်းအရွှေ့မှာတော့ ပရီးမီးယားလိဂ်ထိပ်သီး မန်ချက်စတာစီးတီးက  ဖီးလစ်စ်ကို ခြောက်နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ သတင်းတွေအရတော့ မန်စီးတီးက ဖီးလစ်စ်အတွက် လက်ငင်းငွေသားပြောင်းရွှေ့ကြေး ပေါင် ၄၂ သန်းကို အသုံးပြုခဲ့သလို အပိုထပ်ဆောင်းဆုကြေးတွေပါ ထည့်သွင်းလိုက်မယ်ဆိုရင် ပေါင် ၄၅ သန်းအထိ တန်ကြေးရှိလာမှာပါ။

လက်ရွေးစင်ကစားသမားဘဝ
ဖီးလစ်စ်အနေနဲ့ လက်ရွေးစင်ကစားသမားဘဝကို ရွေးချယ်တဲ့နေရာမှာ သူရဲ့မွေးရပ်မြေဖြစ်တဲ့ အင်္ဂလန်ကို ရွေးချယ်ခွင့်ရှိခဲ့သလို ဆွေစဉ်မျိုးဆက်အရ ဂျမေကာနဲ့ အိုင်ယာလန်တို့ကိုလည်း ရွေးချယ်ခွင့်ရခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူက အင်္ဂလန်လက်ရွေးစင်ကစားသမားဘဝခံယူခဲ့သလို အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်ကလည်း ၂၀၂၀ ပြည့်နှစ် သြဂုတ်လမှာ ပထမဆုံးအကြိမ်လက်ရွေးစင်အဖြစ် ရွေးချယ်ခဲ့ပါတယ်။

ဒိန်းမတ်နဲ့ ကစားတဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာတော့ ဖီးလစ်စ်က အင်္ဂလန်လက်ရွေးစင်ကစားသမားအဖြစ် ပထမဆုံးပွဲစဉ်ကို ဝင်ရောက်ကစားခွင့်ရရှိခဲ့ပါတယ်။ သူရဲ့ဒီလိုပါဝင်ကစားခွင့်ရလာခြင်းက ၂၁ ရာစုအတွင်း အင်္ဂလန်နိုင်ငံရဲ့အဆင့်အမြင့်ဆုံးအမှတ်ပေးပြိုင်ပွဲမှာ တစ်ပွဲမှပါဝင်မကစားရသေးဘဲ အင်္ဂလန်နိုင်ငံကို ကိုယ်စားပြုခွင့်ရတဲ့ တတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်စေခဲ့ပါတယ်။

ဖီးလစ်စ်ရဲ့ ကောင်းမွန်တဲ့ခြေစွမ်းပိုင်းကြောင့် ယူရို-၂၀၂၀ ပြိုင်ပွဲဝင်မယ့် အင်္ဂလန်လက်ရွေးစင်အသင်းအပြီးသတ်လူစာရင်းမှာလည်း ဆက်တိုက်ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ဒီပြိုင်ပွဲကြီးမှာလည်း ခြေစွမ်းကောင်းတွေပြသခဲ့တဲ့ ဖီးလစ်စ်က အင်္ဂလန်ရဲ့ပွဲစဉ်တိုင်းမှာ ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့သလို အသင်းနဲ့အတူ ယူရို-၂၀၂၀ ပြိုင်ပွဲဗိုလ်လုပွဲအထိ တက်ရောက်ခဲ့ပါတယ်။ ဖီးလစ်စ်ရဲ့ခြေစွမ်းကောင်းတွေကြောင့် ၂၀၂၀-၂၀၂၁ အင်္ဂလန်ရဲ့အကောင်းဆုံးအမျိုးသားကစားသမားဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။

ပုဂ္ဂလိကဘဝနေထိုင်မှုပုံစံ
ကယ်ဗင်ဖီးလစ်စ်ကတော့ ခုချိန်ထိ လက်မထပ်ရသေးပါဘူး။ ဒါပေမယ့် သူက တစ်ယောက်တည်းသမားလည်း မဟုတ်ပြန်ပါဘူး။ အခုလက်ရှိမှာတော့ မိတ်ကပ်ပညာရှင် အက်ရှ်လိတ် ဘီဟန်နဲ့ တွဲနေပါတယ်။ ဘီဟန်က ချစ်သူတစ်ယောက်ဖြစ်ရုံတင်မက ဖီးလစ်စ်ရဲ့ အကြီးစားပရိသတ်ဖြစ်သလို အကူအညီတွေအများကြီး ပေးလေ့ရှိပါတယ်။

#လိဒ်စ်ယူနိုက်တက် #ကယ်ဗင်ဖီးလစ် #ဆောင်းပါးများ #အယ်ဒီတာအကြိုက်