ရှေ့သို့
Image

ဗန်ဘက်စတန်၊ ရှက်ဗ်ချန်ကို၊ အင်ဇာဂီကဲ့သို့ မီလန်ဂန္တဝင်ကြီးများက မိမိကို စွဲဆောင်ခဲ့ဟု အိုရီဂီဆို

10:40 AM, 8 July

မာကိုဗန်ဘက်စတန်၊ ရှက်ဗ်ချန်ကိုနှင့် အင်ဇာဂီကဲ့သို့ အေစီမီလန်ဂန္တဝင်တိုက်စစ်မှူးကြီးများ၏ သမိုင်းမှတ်တမ်းများသည် မိမိအား စွဲဆောင်မှုအပြည့်ရှိစေခဲ့၍ အသင်းထံ ပူးပေါင်းလာခဲ့ကြောင်း မီလန် တိုက်စစ်မှူးသစ် အိုရီဂီက ထုတ်ဖော်ပြောဆိုသည်။

ယခုနွေရာသီတွင် လီဗာပူးနှင့်စာချုပ်သက်တမ်း ကုန်ဆုံး၍ အသင်းမှ ထွက်ခွာလာသော အိုရီဂီသည် ပြီးခဲ့သည့်အင်္ဂါနေ့က အေစီမီလန် အသင်းနှင့် လေးနှစ်စာချုပ် ချုပ်ဆိုခဲ့သည်။ ဒီဗေါ့အိုရီဂီသည် လီဗာပူး၌ ၁၇၆ ပွဲကစားကာ ၄၁ ဂိုး သွင်းယူပေးခဲ့ပြီး အန်ဖီးလ်ကလပ်ဂန္တဝင်တစ်ဦးအဖြစ် သတ်မှတ်ခဲ့ကြသည်။

“ပြီးခဲ့တဲ့ရာသီကုန်မှာ ကျွန်တော်က မီလန်နဲ့ စကားပြောခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်က လီဗာပူးနဲ့ ရာသီအဆုံးသတ်ဖို့ပဲ အာရုံစိုက်ကြိုးစားခဲ့ပါတယ်။ ရာသီကုန်တာနဲ့ အေစီမီလန်ရဲ့ မျှော်မှန်းချက်တွေကို ကျွန်တော်နားလည်ခဲ့ပါတယ်။ ဒီအသင်းပရိသတ်တွေကလည်း သူတို့သွားနေတဲ့ ထူးခြားတဲ့ခရီးစဉ်နဲ့ သူတို့ရေးထိုးနေတဲ့ သမိုင်းကို ကျွန်တော် သတိပြုမိစေအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အေစီမီလန်ရဲ့ သမိုင်းသစ်ရေးနေတဲ့အခိုက်အတန့်မှာ ကျွန်တော်လည်း တစိတ်တပိုင်းအဖြစ် ပါဝင်ချင်ပါတယ်။ ကျွန်တော် လေးစားအားကျရတဲ့ မီလန်ဂန္တဝင်ကစားသမားကြီးတွေ အများကြီးရှိပါတယ်။ ရွေးထုတ်ပြောဖို့တော့ တော်တော်ခက်ပါတယ်။ ဥပမာအားဖြင့် ဗန်ဘက်စတန်၊ ရှက်ဗ်ချန်ကို၊ အင်ဇာဂီတို့လို ကစားသမားကြီးတွေဟာ ဒီအံ့သြဖွယ်ရာအသင်းရဲ့ အစိတ်အပိုင်းတွေလည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ကိုယ့်ကိုကိုယ် ဘယ်သူနဲ့မှ မနှိုင်းယှဉ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အားလုံးက ကိုယ့်သမိုင်းကိုယ်ရေးရသလို ကိုယ့်လမ်းကို ကိုယ်လျှောက်ရတာပါ။ ကျွန်တော်ကတော့ ကစားသမားဘဝတိုးတက်လာစေဖို့ ဘယ်နေရာ၊ ဘယ်ကစားသမားဆီကပဲဖြစ်ဖြစ်၊ ဘောလုံးကမ္ဘာနဲ့ မသက်တဲ့သူဖြစ်နေရင်တောင်မှ အတုယူသွားမှာပါ”ဟု အိုရီဂီက ဆိုသည်။

အိုရီဂီသည် ပြီးခဲ့သည့်ဒီဇင်ဘာလချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆန်စီရို၌ အေစီမီလန် ၁-၂ လီဗာပူးပွဲစဉ်တွင် သွင်းဂိုးရယူနိုင်ခဲ့ပြီး ဆန်စီရိုကွင်းကြီးအတွင်း အားပေးမှုများက စွဲဆောင်မှုတစ်ခုဖြစ်ခဲ့ကြောင်း ဆိုသည်။

“ဆန်စီရိုမှာကစားခဲ့တဲ့ပွဲမှာလည်း ကွင်းတွင်းအားပေးမှုတွေကို ကျွန်တော် လုံးဝကို ခံစားမိပါတယ်။ ဒီကွင်းထဲမှာဆိုရင် မီလန်ရဲ့အစဉ်အလာနဲ့ သမိုင်းကြောင်းတွေကို ခံစားမိစေပါလိမ့်မယ်။ ဒါကြောင့်လည်း ဒီလိုမှော်ဆန်တဲ့ ကွင်းကြီးထဲမှာ ကစားခွင့်ရတာ ဂုဏ်ယူစရာပါ။ မီလန်က လီဗာပူးကို ဦးဆောင်ဂိုး သွင်းလိုက်တဲ့အချိန် မင်းအနေနဲ့ အိမ်ကွင်း ပရိသတ်တွေဆီက အားပေးမှုတွေကို ကြားရမှာပါ။ ပရိသတ်ကြီးနဲ့ ကစားသမားတွေကြားမှာရှိတဲ့ ခံစားချက်တွေက တကယ့်ကို စပါယ်ရှယ်ပါပဲ”ဟု အိုရီဂီက ဆက်လက်ပြောဆိုသည်။

#စီးရီးအေ #အိုရီဂီ #အေစီမီလန် #အင်ဇာဂီ #ရှက်ဗ်ချန်ကို #ဗန်ဘက်စတန်