ရှေ့သို့
Image

ပြိုင်ဘက်အသင်းတွေ စိတ်ဝင်စားနေတဲ့ အန်တိုနီဂေါ်ဒွန်ကို စာချုပ်သစ် ချုပ်တော့မယ့် အဲဗာတန်

2:58 PM, 7 July

အဲဗာတန်အသင်းဟာ လက်ရှိ ခြေစွမ်း ပြသလျက်ရှိတဲ့ အင်္ဂလန်ယူ ၂၁ လက်ရွေးစင်လေး အန်တိုနီဂေါ်ဒွန်ကို ပြိုင်ဘက်အသင်းတွေ မခေါ်ယူနိုင်စေဖို့ စာချုပ်သစ် ချုပ်ဆိုကာ ထိန်းချုပ်သွားဖို့ ပြင်ဆင်နေပါတယ်။ နယူးကာဆယ် အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက သူ့ရဲ့ ငယ်ဘဝကလပ်ကို တန်းမဆင်းရအောင် ခြေစွမ်းပြကာ ဦးဆောင်ကစားနိုင်ခဲ့တဲ့ ဂေါ်ဒွန်ကို စိတ်ဝင်စားလျက်ရှိပါတယ်။ 


နယူးကာဆယ် နည်းပြ အက်ဒီဟိုဝီအပြင် တော့တင်ဟမ်နည်းပြ အန်တိုနီယိုကွန်တီကလည်း ဂေါ်ဒွန်ကို ခေါ်ယူချင်နေပါတယ်။ နည်းပြကွန်တီဟာ အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်ကိုလည်း ခေါ်ယူထားပြီး ဖြစ်တာကြောင့် တစ်ဆက်တည်းမှာပဲ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းကျော်သာ ရှိတဲ့ ဂေါ်ဒွန်ကိုပါ စိတ်ဝင်စားလာခဲ့ပါတယ်။ သတင်းတွေအရ နယူးကာဆယ်ကလည်း ဂေါ်ဒွန်ကိုခေါ်ယူဖို့ ကြိုးစားလာပေမယ့် အဲဗာတန်အနေနဲ့ ရောင်းဖို့ အစီအစဉ် မရှိသလို နောက်ထပ် အသင်းရဲ့ အရေးအပါဆုံး ကစားသမား တစ်ယောက်ကိုလည်း အဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။


ဒါပေမယ့် လက်ရှိဂေါ်ဒွန်ရဲ့ စာချုပ်ဟာ တန်ဖိုးအလွန်နည်းနေတဲ့အပြင် နောက်ဆုံး ၁၂ လထဲကိုလည်း ရောက်ရှိနေပြီဆိုတာကို အဲဗာတန်အသင်းက သိရှိထားပါတယ်။ နည်းပြဖရန့်လမ်းပတ်ကလည်း ၂၁ နှစ်သားကို နှစ်သက်သူဖြစ်ပြီး သူ့လက်ထက်မှာတော့ လုံးဝအဆုံးရှုံးမခံဘူးလို့ အသင်းကို အသိပေးထားပါတယ်။ ဘဏ္ဍာရေးအခြေအနေ ဆိုးရွားနေပေမယ့်လည်း အဲဗာတန်ဟာ ပြိုင်ဘက်အသင်းတွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချပြီး ဂေါ်ဒွန်အတွက် တန်ဖိုးကြီးမားတဲ့ စာချုပ်သစ်တစ်ခု ချုပ်ဆိုဖို့ပြင်ဆင်ထားပါတယ်။

 

ဂေါ်ဒွန်ဟာ ပြီးခဲ့တဲ့ရာသီကမှ အဲဗာတန်စီနီယာအသင်းမှာ နေရာရရှိလာသူဖြစ်ပေမယ့် ပရီးမီးယားလိဂ် ၃၄ ပွဲ အပါအဝင် စုစုပေါင်း ပွဲ ၄၀ အထိ ကစားခဲ့ရပြီး သွင်းဂိုး ၄ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ အဲဗာတန်အနေနဲ့ အဓိက တိုက်စစ်မှူး တစ်ယောက်ဖြစ်တဲ့ ရစ်ချာလီဆန်ကို ရောက်ထုတ်ခဲ့ပြီးပြီဖြစ်လို့ နောက်တစ်ကြိမ် တန်းဆင်းဇုန်ထဲ မရောက်ချင်ရင် အသင်းက အဓိက ကစားသမားတွေကို မဖြစ်မနေ ဆက်ထိန်းထားရမှာလည်း ဖြစ်ပါတယ်။ 


မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးစီအီးအိုဟောင်း ပီတာကန်ညွန်က ပေါင်သန်း ၅၀၀ နဲ့ အဲဗာတန်ကို လက်လွှဲယူဖို့ ကြိုးစားနေပေမယ့် ဒီလောက်နဲ့အသင်းက အောင်မြင်မှုရဦးမှာ မဟုတ်ပါဘူး။ နည်းပြ လမ်းပတ် အနေနဲ့လည်း အသင်းကို တတ်နိုင်သမျှ ပြင်ဆင်ဖို့ ကြိုးစားနေပြီး ဘန်လေကနေ အလွတ်နဲ့ထွက်ခွာလာတဲ့ နောက်ခံ လူဂျိမ်းစ်တာကောစကီးကို ခေါ်ယူထားသလို၊ နောက်ထပ်အလွတ်နဲ့ရမယ့် ကစားသမား တစ်ယောက်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ဂျက်ဆီလင်ဂတ်ကိုလည်း ခေါ်ယူဖို့ ကြိုးစားလျက်ရှိပါတယ်။ 

#အဲဗာတန် #လမ်းပတ် #ဂေါ်ဒွန်