ရှေ့သို့
Image

လီဗာပူး လူငယ်ကစားသမားတွေကို အရှက်ရစေမည့် ၃၆ နှစ်အရွယ် မီလ်နာ၏ ၇ကြိမ်ဆက်အောင်ပွဲတစ်ခု

3:32 PM, 6 July

ရာသီကြိုပြင်ဆင်မှုအတွက် ပြန်လာကြတဲ့ ပရီးမီးယားလိဂ်ကလပ်တွေမှာ မပြောင်းလဲတာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ ဂျိမ်းစ်မီလ်နာက  လီဗာပူးရဲ့ လက်တစ်စမ်းသပ်မှုလေ့ကျင့်ခန်းမှာ အနိုင်ရရှိနေဆဲ ဆိုတာပါပဲ။ ၇ နှစ် ဆက်တိုက် လက်တစ်စမ်းသပ်မှုလေ့ကျင့်ခန်းမှာ အနိုင်ရခဲ့တဲ့ အသက်-၃၆နှစ်အရွယ် ကစားသမားကြီးက ကလပ်ရဲ့ လူငယ်ကစားသမားတွေကို အရှက်ရစေခဲ့ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ရာသီကြိုပြင်ဆင်မှုကို ပူးပေါင်းလာမယ့်ကစားသမားတိုင်းကို လက်တစ်စမ်းသပ်မှုလေ့ကျင့်ခန်း ဖြတ်သန်းစေလေ့ရှိပါတယ်။ ဒီလေ့ကျင့်ခန်းက သတ်မှတ်အကွာအဝေးအတိုင်း ကစားသမားတွေကို ပြေးလွှားစေပြီး လက်တစ်အက်ဆစ်ပမာဏမြင့်မားတဲ့ ကစားသမားတွေကို အပြေးလေ့ကျင့်ခန်းကနေ ထုတ်ပယ်သွားတာပါ။

၂၁ ရာသီမြောက်ပရီးမီးယားလိဂ်ဘောလုံးရာသီကိုဖြတ်သန်းရတော့မယ့် မီလ်နာကတော့ ဒီလေ့ကျင့်ခန်းမှာ ထပ်အနိုင်ရခဲ့ပြန်ပါတယ်။ Liverpool Echo ရဲ့ အဆိုအရ မီလ်နာက လီဗာပူးကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း လက်တစ်စမ်းသပ်မှုလေ့ကျင့်ခန်းမှာ အမြဲအနိုင်ရလေ့ရှိသလို ဒီနှစ်နဲ့ဆိုရင် ၇ နှစ်ဆက်တိုက် ရှိလာခဲ့ပါပြီ။

ဂျိုးဂိုမက်ဇ်ကတော့ နောက်ဆုံးအချိန်အထိ ဒီပြိုင်ပွဲမှာ မီလ်နာကို အနိုင်ရဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ပြန်ပါဘူး။ ဒီလေ့ကျင့်ခန်းရဲ့ နောက်ဆုံးအဆင့်မှာ မီလ်နာက ဂျိုးဂိုးမက်ဇ်ရဲ့ ရှေ့ကနေ ပန်းဝင်ခဲ့တာကို လီဗာပူးရဲ့ တရားဝင် Twitter အကောင့်ကနေတဆင့် မြင်တွေ့ခဲ့ရပါတယ်။ အသင်းဖော်တွေက မီလ်နာကို လက်ခုပ်တီး အားပေးခဲ့သလို နည်းပြကလော့ပ်ကလည်း ရယ်ရယ်မောမောနဲ့ “ဝိုး”လို့ အော်ခဲ့ပြန်ပါတယ်။

သက်ဆိုင်ရာနိုင်ငံ့လက်ရွေးစင်တာဝန်ထမ်းဆောင်နေတဲ့ လီဗာပူးကစားသမားတွေကတော့ အသင်းနဲ့ ပြန်မပူးပေါင်းနိုင်သေးပါဘူး။ ဒါကြောင့်ပဲ မီနာလ်ဟာ အသင်းမှာ ကြံ့ခိုင်မှုကောင်းလွန်းတယ်လို့ဆိုကြတဲ့ ဟန်ဒါဆန်၊ မိုဆာလက်တို့နဲ့တော့ လက်တစ်စမ်းသပ်မှုလေ့ကျင့်ခန်းကို မပြိုင်ခဲ့ရပါဘူး။ အခုနွေရာသီမှာ မီနာလ်က လီဗာပူးနဲ့ စာချုပ်သက်တမ်းတစ်နှစ် ထပ်တိုးထားပါတယ်။

#လီဗာပူး #မီလ်နာ