ရှေ့သို့
Image

မန်ချက်စတာယူနိုက်တက်အတွက်လည်း တံခါးဖွင့်ထားတဲ့ ဒိုင်ဘားလား

1:42 PM, 5 July

ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ပေါ်လိုဒိုင်ဘားလားကတော့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာခဲ့ပြီး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့ ကြိုးစားလာဖွယ်ရှိတဲ့ မန်ချက်စတာယူနိုက်တက် အတွက်ကိုလည်း တံခါးဖွင့်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အာဂျင်တီးနားသားဟာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ပေမယ့် အီတလီမှာပဲ ဆက်နေဖို့ ဆန္ဒရှိခဲ့တာကြောင့် အင်တာက ကစားသမားကို ခေါ်ယူဖို့ထိပ်ဆုံးကနေ ရေပန်းစားခဲ့ပါတယ်။


ဒါပေမယ့် Sky Sport Italia ရဲ့အဆိုအရ အင်တာဘက်က ဘာကမ်းလှမ်းမှုမှ မပြုလုပ်ခဲ့တာကြောင့် ဒိုင်ဘားလားဟာ အင်္ဂလန်နဲ့ စပိန်က ကမ်းလှမ်းမှုတွေကိုလည်း လက်ခံစဉ်းစားဖို့ အဆင်သင့် ဖြစ်နေပြီလို့ သိရပါတယ်။ ယူနိုက်တက်နဲ့ အာဆင်နယ် နှစ်သင်းစလုံးက သူ့ရဲ့ အေးဂျင့်ကို ဆက်သွယ်ထားကြတာကြောင့်လည်း ဒိုင်ဘားလားကိုယ်တိုင်က လာလီဂါထက်စာရင် ပရီးမီးယားလိဂ်ကို ပိုမိုဦးစားပေး ရွေးချယ်ဖွယ် ရှိပါတယ်။ 


ယူနိုက်တက်ကတော့ ရော်နယ်ဒိုအသင်းက ထွက်ခွာနိုင်တဲ့ အခြေအနေတွေကြောင့် လာမယ့်ရက်ပိုင်းက စတင်ပြီး ဒိုင်ဘားလားကို စိတ်ဝင်စားလာတာဖြစ်ပြီး ပေါ်တူဂီ တိုက်စစ်မှူးကြီးကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ဆက်ရှိနေဖို့ မသေချာတော့တဲ့ အနေအထားဖြစ်လာပါတယ်။ ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ လက်ရှိယူနိုက်တက်ရဲ့ အခြေအနေက ဆုဖလားတွေကို စိတ်ခေါ်နိုင်စွမ်း မရှိဘူးလို့ ယုံကြည်နေပြီး နှစ်တိုင်း ချန်ပီယံလိဂ် ကစားလာတဲ့ ကစားသမားဘ၀ တစ်လျှောက်လုံးမှာ တစ်နှစ် မကစားရတာမျိုးကို လက်ခံနိုင်ဖို့ခက်နေပါတယ်။


အဲ့ဒါကြောင့်လည်း ရော်နယ်ဒိုသာ ထွက်ခွာခဲ့မယ်ဆိုရင် ယူနိုက်တက်အနေနဲ့ အသင်းရဲ့တိုက်စစ်ပိုင်းမှာ ကစားသမား လိုအပ်ချက် ပိုမိုကြီးမား လာတော့မှာပဲ ဖြစ်ပါတယ်။ စပို့တင်းလစ္စဘွန်း၊ ရိုးမား၊ နာပိုလီ၊ ဘိုင်ယန်မြူးနစ်နဲ့ နောက်ဆုံးဝင်လာတဲ့ ဘာစီလိုနာတို့ကပါ အခြေအနေကို စောင့်ကြည့်နေကြပြိး ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးကို ပြောင်းရွှေ့မှာကိုတော့ ယူနိုက်တက်ဘက်က တားဆီးသွားဖို့များပါတယ်။ ရော်နယ်ဒိုက ထွက်ခွာသွားမယ်ဆိုရင်တော့ အက်ဒီဆင်ကာဗာနီလည်း ထွက်သွားပြီဖြစ်သလို မေဆင်ဂရင်းဝုဒ်ကလည်း ဆက်လက်ပွဲပယ်ခံထားရဦးမှာဖြစ်လို့ ယူနိုက်တက်အနေနဲ့ အနည်းဆုံး တိုက်စစ်မှူးသစ် ၂ ဦးခန့်ခေါ်ယူရဖွယ် ရှိပါတယ်။  


ရော်နယ်ဒိုမရှိတော့ရင် တိုက်စစ်မှာ ရွေးချယ်စရာဆိုလို ဆီဗီလာမှာ အခြေအနေ မကောင်းခဲ့တဲ့ အန်တိုနီမာရှယ်နဲ့ တောင်ပံ ကစားသမား လုံးလုံး ဖြစ်နေပြီဖြစ်တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့သာ ကျန်ပါတော့တယ်။ ဒိုင်ဘားလားသာ ရောက်လာမယ် ဆိုရင်တော့ ယူနိုက်တက်တိုက်စစ်က ပိုအားကောင်းသွားမှာ သေချာနေပြီး ကစားသမား ကိုယ်တိုင်ကလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပေးဖို့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် အာဂျင်တီးနားသားရဲ့ လစာကတော့ တစ်ပတ်ကို ပေါင် ၂၈၀၀၀၀ ထိ ရှိတာကြောင့် တော်တော်လေးများပြားတဲ့ လစာနှုန်းထားပဲဖြစ်ပါတယ်။


 ဒါ့အပြင် ဒိုင်ဘားလားရဲ့ စာချုပ်ကလည်း ယခင် အသင်းဟောင်းတွေနဲ့ ပါလာတဲ့အရှုပ်အရှင်းတွေ ရှိနေပါသေးတယ်။ အီတလီမှာသာ ဆက်နေဖို့ မျှော်လင့်ထားပေမယ့် ခေါ်ယူနိုင်ခြေရှိတဲ့ ရိုးမား၊ နာပိုလီနဲ့ အေစီမီလန်တို့ကလည်း တရားဝင်ကမ်းလှမ်းလာတာမျိုး မရှိသလို အင်တာကလည်း ဘာမှမလှုပ်ရှားသေးပါဘူး။ ၂၈ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက ဂျူဗင်တပ်စ်အတွက် စီးရီးအေ ၂၉ ပွဲကစားခဲ့ပြီး ၁၀ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ထင်သလောက်မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ 

#အပြောင်းအရွှေ့ #ဒိုင်ဘားလား