ရှေ့သို့
Image

ဂျီးဆပ်စ်ရဲ့ ခြေစွမ်းအပေါ် မှတ်ချက်ပေး ပြောကြားလာတဲ့ နည်းပြ အာတီတာနှင့် နည်းစနစ်ဒါရိုက်တာ အီဒူး

3:49 PM, 4 July

မန်ချက်စတာစီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ကို ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် တရားဝင်ခေါ်ယူခဲ့ပြီးနောက် အာဆင်နယ်နည်းပြ အာတီတာနှင့် နည်းစနစ်ဒါရိုက်တာ အီဒူးတို့က တိုက်စစ်မှူးသစ်၏ ခြေစွမ်းအပေါ် မှတ်ချက်ပေးပြောဆိုခဲ့သည်။ ယခုနွေရာသီအပြောင်းအရွှေ့တွင် မာကွင်ဟို့စ်၊ ဖေဘီယိုဗီအဲရာနှင့် မတ်တာနာတို့ကို ခေါ်ယူခဲ့သော ဂန်းနားတို့အနေဖြင့် အူဘာမီယန်းနှင့် လာကာဇက်တီတို့ ထွက်ခွာသွားမှုနှင့်အတူ အသင်းဗဟိုတိုက်စစ်ပိုင်း အင်အားဖြည့်တင်းရေးမှာ နည်းပြ အာတီတာနှင့် နည်းစနစ်ဒါရိုက်တာ အီဒူးတို့အတွက် ဦးစားပေးကိစ္စတစ်ခု ဖြစ်လာခဲ့သည်။


ဂါဘရီရယ်လ်ဂျီးဆပ်စ်ကို ပေါင် ၄၅ သန်းဖြင့် ခေါ်ယူမှုကို အတည်ပြုနိုင်ခဲ့ပြီးနောက် နည်းပြ အာတီတာက ကလပ်ဝက်ဘ်ဆိုဒ်မှတဆင့် တိုက်စစ်မှူးသစ်၏ ခြေစွမ်းအပေါ် ချီးမွှမ်းစကားပြောဆိုခဲ့သည်။“ အရမ်းပဲ စိတ်လှုပ်ရှားရပါတယ်။ ဒီလိုဂုဏ်သတင်းကြီးမားတဲ့ ကစားသမား တစ်ယောက်ကို အင်အားဖြည့်နိုင်ဖို့ ကလပ်က အရမ်းကိုကြီးမားတဲ့ အလုပ်တစ်ခုကို လုပ်ခဲ့ရပါတယ်။ ကျွန်တော် ဂျီးဆပ်စ်နဲ့ ကောင်းကောင်း ရင်းနှီးပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားချိန်ကစလို့ ကျွန်တော်တို့ အားလုံး သူ့ကို ကောင်းကောင်းသိခဲ့ကြပြီး သူက ဒီမှာ တကယ့်ကို အောင်မြင်ခဲ့ပါတယ်။


ကာလရှည် စောင့်ကြည့်ခဲ့ရတဲ့ တိုက်စစ်မှူးနေရာအတွက် ကျွန်တော်တို့ အားလုံး လိုချင်နေတဲ့ ကစားသမား တစ်ဦးကို ခေါ်ယူနိုင်ခဲ့ပါပြီ။ ဒီအတွက် ကျွန်တော် အရမ်းကို ပျော်ရွှင်နေပါတယ်”ဟု အာတီတာက ပြောဆိုသည်။ အလားတူ အာဆင်နယ်၏ နည်းစနစ်ဒါရိုက်တာ အီဒူးကလည်း “ ဂျီးဆပ်စ်ကို ခေါ်ယူနိုင်ခဲ့လို့ ကျွန်တော်တို့ အရမ်းဝမ်းသာမိပါတယ်။ ဘောလုံး အားကစားကို သိတဲ့သူတိုင်း ဂျီးဆပ်စ်ရဲ့ အရည်အသွေးကို သိကြပါတယ်။ ဂျီးဆပ်စ်က ကျွန်တော်တို့ ကာလရှည်စောင့်ကြည့်ခဲ့ရတဲ့ ကစားသမားတစ်ဦးပါ။ သူက အသက် ၂၅ နှစ်ပဲ ရှိပါသေးတယ်။ အရမ်းကိုမြင့်မားတဲ့ အဆင့်တစ်ခုမှာ တည်ငြိမ်တဲ့ခြေစွမ်းကို ထိန်းသိမ်းထားနိုင်တယ်ဆိုတာ သက်သေပြထားတဲ့ ဘရာဇီးလ်လက်ရွေးစင်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ရာသီသစ်မစတင်မီ အာဆင်နယ်ကစားသမားတွေနဲ့အတူ သူ့ကိုမြင်ရဖို့ ကျွန်တော်တို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ အာဆင်နယ်မှ ဂျီးဆပ်စ်ကို ကြိုဆိုပါတယ်”ဟု ပြောဆိုသည်။

#အာတီတာ #အီဒူး #အာဆင်နယ် #ဂျီးဆပ်