ရှေ့သို့
Image

ဒိုင်ဘားလားရဲ့ အေးဂျင့်ထံ ဆက်သွယ်စုံစမ်းခဲ့တဲ့ မန်ချက်စတာယူနိုက်တက်

9:58 AM, 4 July

မန်ချက်စတာယူနိုက်တက်အသင်းဟာ အာဂျင်တီးနားတိုက်စစ်မှူး ပေါ်လိုဒိုင်ဘားလားရဲ့ အေးဂျင့်ထံ ဆက်သွယ်စုံစမ်းခဲ့တယ်လို့ သတင်းတွေအရ သိရှိရပါတယ်။ ယူနိုက်တက်ရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက လာမယ့်ရာသီသစ် မတိုင်မီအိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာချင်ကြောင်း အံ့အားသင့်ဖွယ် သတင်းတစ်ရပ် စနေနေ့က ပေါ်ထွက်လာခဲ့ပါတယ်။

ပေါ်တူဂီတိုက်စစ်မှူးဟာ ဒီနွေရာသီမှာ အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေအပေါ် အားမလိုအားမရဖြစ်နေပြီး ပြီးခဲ့တဲ့နိုဝင်ဘာလက နည်းပြအိုလီဂန်နာဆိုးလ်ရှားကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြ ၃ ယောက်ကို မြန်မြန်ဆန်ဆန် ပြောင်းလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကိုလည်း သဘောမတူဘူးလို့ သိရပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက လာမယ့်ရာသီကိုလည်း နောက်ဆုံး ၁၉ ရာသီဆက်တိုက် ကစားခဲ့တဲ့ ချန်ပီယံလိဂ်မှာပဲ ဆက်ကစားဖို့ ဆန္ဒရှိနေပါတယ်။

ယာယီနည်းပြရာ့ဖ်ရန်နစ်ရဲ့နေရာမှာ ဝင်လာခဲ့တဲ့ နည်းပြသစ်အဲရစ်တန်ဟတ်ဟာ ဒီနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ကြိုးစားနေပေမယ့် ဖရန်ကီဒီဂျောင်နဲ့ တိုင်ရယ်မာလာစီယာတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်တာကလွဲရင် ကျန်တဲ့တိုးတက်မှု မရှိသေးပါဘူး။ မန်ချက်စတာယူနိုက်တက်အနေနဲ့ကတော့ သင့်တော်တဲ့ ကမ်းလှမ်းမှုမျိုး ရှိလာခဲ့ရင်တော့ လက်ခံစဉ်းစားဖွယ်ရှိပြီး တိုက်စစ်မှူးအစားထိုးဖွယ် ရှိပါတယ်။

အဲ့ဒါကြောင့်လည်း အိုးလထရက်ဖို့ဒ်ခေါင်းဆောင်တွေဟာ ဒိုင်ဘားလားရဲ့ ကိုယ်စားလှယ်တွေထံ ၂၈ နှစ်အရွယ် ကစားသမားကို ခေါ်ယူနိုင်ဖို့ ဆက်သွယ်စုံစမ်းခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရတော့ ဒိုင်ဘားလားကို စိတ်ဝင်စားနေတဲ့ အသင်းတွေ အတော်များများ ရှိနေပြီး အီတလီအသင်းတွေဖြစ်တဲ့ အင်တာမီလန်၊ နာပိုလီတို့အပြင် ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ အာဆင်နယ်နဲ့ တော့တင်ဟမ်တို့ကလည်း စိတ်ဝင်စားလျက်ရှိပါတယ်။

ဒါပေမယ့် တိုက်စစ်မှူးရဲ့အေးဂျင့် ဂျော့အန်တွန်ကတော့ တရားဝင်ဆွေးနွေးနေတဲ့ အသင်းတွေ ရှိမရှိဆိုတာကိုတော့ အတည်မပြုထားပါဘူး။ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနိုင်မယ့် ဒိုင်ဘားလားဟာ ဂျူဗင်တပ်စ်မှာ ကစားခဲ့တဲ့ ၇ နှစ်အတွင်း ပွဲပေါင်း ၂၉၃ ပွဲနဲ့ သွင်းဂိုး ၁၁၅ ဂိုး ရရှိခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #အပြောင်းအရွှေ့ #ဒိုင်ဘားလား