ရှေ့သို့
Image

ဒူးကာတပ်ထားခြင်းအပေါ် ဒဏ်ရာ ရနေတယ်ဆိုပြီး ပြောနေသူတွေကို တုံ့ပြန်လိုက်တဲ့ ဗီအဲရာ

9:27 AM, 2 July

အာဆင်နယ်ကွင်းလယ်လူသစ် ဖေဘီယို ဗီအဲရာက ဂန်းနားပရိသတ်တွေ စိတ်အေးရစေမယ့် updateတစ်ခု တင်ပေးလာခဲ့ပါတယ်။

ပေါ်တူဂီသားဟာ ယခုနှစ်နွေရာသီမှာ ပေါ်တိုကနေ အာဆင်နယ်ထံ ပေါင်သန်း၃၀နဲ့ ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ အာဆင်နယ်နဲ့ ရာသီကြိုမပူးပေါင်းရသေးခင်မှာတင် သံသယဖြစ်စရာ အဖြစ်အပျက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ အာဆင်နယ်ပရိသတ်တွေ အကြောက်ဆုံးဖြစ်တဲ့ ဒဏ်ရာရရှိနေခြင်းနဲ့သက်ဆိုင်တဲ့အရာပဲ ဖြစ်ပါတယ်။

အကြောင်းကတော့ ဗီအဲရာတစ်ယောက် ပရိသတ်တစ်ဦးနဲ့ ဓာတ်ပုံရိုက်စဉ် ဒူးကာဝတ်ထားတာပဲ ဖြစ်ပါတယ်။ အဆိုပါဓာတ်ပုံက လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပြီး ဗီအဲရာတစ်ယောက် ဒဏ်ရာရနေတာလားဆိုတဲ့ သံသယစိတ်တွေ ပိုများလာစေခဲ့ပါတယ်။ ဒါပေမဲ့ နာရီပိုင်းအတွင်းမှာပဲ ပေါ်တူဂီသားက ပရိသတ်တွေရဲ့ စိုးရိမ်စိတ်တွေကို ဖြေဖျောက်ပေးခဲ့ပါတယ်။

အင်စတာဂရမ်မှာ တင်ထားတဲ့ပို့စ်မှာ ဗီအဲရာက “အေးဆေးပါ ဘော်ဒါတို့ရေ။ ဒီလိုဝတ်ထားတာက ကြိုတင်ကာကွယ်ခြင်းသာ ဖြစ်ပါတယ်”လို့ ဆိုထားခဲ့တာပါ။ ယခင်ကလည်း အာဆင်နယ်တို့ အသင်းနဲ့ မပူးပေါင်းခင် ဒဏ်ရာရနေတဲ့ ကစားသမား၁ဦးကို ခေါ်ယူခဲ့ဖူးပြီး အဆိုပါကစားသမားကတော့ ဗီလာရီးရဲလ်က ဒင်းနစ်ဆွာရက်ဇ်ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ဗီအဲရာကတော့ ပရီးမီးယားလိဂ်က ခက်ခဲတယ်ဆိုတာ သိရှိထားပြီး အလုပ် အထူးကြိုးစားသွားမယ်လို့ ကတိပေးထားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီကြိုအစီအစဉ်တွေ စတင်နေပြီဖြစ်ပြီး ဇူလိုင်လ၈ရက်နေ့မှာ ခြေစမ်းပွဲအဖြစ် နုရင်ဘတ်နဲ့ ကစားသွားဖို့ ရှိနေပါတယ်။

#အာဆင်နယ် #ဗီအဲရာ