ရှေ့သို့
Image

မိခင်ကလပ်၏ ရာသီကြို လေ့ကျင့်ရေးဆီ ပူးပေါင်းလာတဲ့ နူးကမ့်ပြန် ထရာအိုရေး

1:56 PM, 1 July

ဘာစီလိုနာနှင့် ရာသီဝက် အငှားစာချုပ် သက်တမ်းပြည့်ပြီးနောက် စပိန်တိုက်စစ်သမား ထရာအိုရေးသည် ဝုဗ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကတ္တလန်ကလပ်သည် ဝုဗ်စတားကို အငှားစာချုပ် သက်တမ်းပြည့်ချိန်တွင် အပြီးသတ် ဝယ်ယူခွင့်ရှိခဲ့သော်လည်း မဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ယမန်နေ့၊ ဝုဗ်၏ ရာသီကြို လေ့ကျင့်ရေး ပြင်ဆင်မှုကို အသင်း Twitter မှတဆင့် ဖော်ပြခဲ့ရာတွင် ထရာအိုရေး ပါဝင်လာခဲ့သည်။

 

ထရာအိုရေးသည် သူ၏ငယ်ဘဝ အိပ်မက်အသင်းတွင် အငှားဖြင့်ကစားခဲ့စဉ် ဇာဗီ၏ လက်အောက် အစောပိုင်းပွဲစဉ်များ၌ ခြေစွမ်းတောက်ပနိုင်ခဲ့သည်။ သို့သော်လည်း စိတ်လှုပ်ရှားစရာ ကာလမှာ တိုတောင်းခဲ့ပြီး သူ၏ စွမ်းဆောင်ရည်နှင့် အကျိုးသက်ရောက်နိုင်စွမ်းသည် ဖေဖော်ဝါရီလမှစ၍ ရာသီကုန်အထိ တိုင်အောင် အပြောင်းအလဲမရှိ ကျဆင်းသွားခဲ့သည်။

 

အငှားစာချုပ် ကာလအတွင်း ထရာအိုရေးသည် ဘာစီလိုနာအတွက် ပွဲ ၂၀ ပါဝင်ကစားကာ ဂိုးထောက်ပံ့မှု လေးကြိမ်နှင့် သွင်းဂိုး တစ်ဂိုး စွမ်းဆောင်နိုင်ခဲ့သည်။ ဘာစီလိုနာကမူ ထရာအိုရေး၏ စွမ်းဆောင်ရည်ကို နှစ်သက်ခဲ့ဖွယ် မရှိပေ။ ထရာအိုရေး ပြန်လည်ထွက်ခွာမှုနှင့် ဒမ်ဘီလီ၏ စာချုပ်သက်တမ်း ကုန်ဆုံးမှုတို့သည် ဘာစီလိုနာအတွက် ပြီးခဲ့သည့်ဘောလုံးရာသီ ဒုတိယရာသီဝက် ကာလအတွင်း တိုက်စစ် ညာတောင်ပံအတွက် အဓိကရွေးချယ်ခဲ့သူ နှစ်ဦးလုံးကို ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။

 

 ယင်းနေရာအတွက် ဘာစီလိုနာအနေဖြင့် အင်အားဖြည့်တင်းဖွယ်ရှိသလို လက်ရှိကစားသမားများနှင့် အငှားထွက်ကစား၍ အသင်းသို့ပြန်လာသူများကို အသုံးပြုရန် ဆုံးဖြတ်သွားဖွယ်လည်း ရှိနေသည်။ ညာခြမ်းတိုက်စစ်အတွက် ဖာရန်တောရက်စ်ကို အသုံးပြုနိုင်သလို ဝုဗ်သို့ အငှားထွက်ကစားခဲ့သော ထရန်ကာအို၊ ဂရန်နာဒါသို့ အငှားထွက်ကစားခဲ့သော အဲလက်စ် ကိုလ်လာဒိုတို့ကိုလည်း အသုံးပြုနိုင်သည်။

#ဘာစီလိုနာ #ဇာဗီ #ဝုဗ် #ထရာအိုရေး