ရာဖင်ဟာကို ကြားဖြတ်ခေါ်ယူဖို့ ကြိုးပမ်းလာတဲ့ ဘာစီလိုနာ
9:55 AM, 1 July
လိဒ်စ်ယူနိုက်တက်တိုက်စစ်မှူး ရာဖင်ဟာကို ဘာစီလိုနာက ကြားဖြတ်ကမ်းလှမ်းမှုတစ်ခုနဲ့ ကမ်းလှမ်းခဲ့ပေမယ့် သူတို့ရဲ့ ကမ်းလှမ်းမှုက ချဲလ်ဆီးရဲ့ပြောင်းရွှေ့ကြေး ပေါင်သန်း ၆၀ ဆိုတာထက်တော့ နည်းပါးခဲ့ပါတယ်။
ဘာစီလိုနာကတော့ ဆိုးရွားတဲ့ဘဏ္ဍာရေးအကျပ်အတည်းကိုဖြေရှင်းဖို့ အခုရက်ပိုင်းအတွင်းမှာပဲ ကလပ်ရဲ့ ၂၅ နှစ်စာ ရုပ်သံထုတ်လွှင့်မူပိုင်ခွင့် ၁၀ ရာခိုင်နှုန်းကို Sixth Street ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းဆီ ရောင်းချခဲ့တာမှာ ပေါင် ၂၂၉ သန်း ရရှိထားပါတယ်။ ဒါကြောင့် ရာဖင်ဟာရဲ့အေးဂျင့်၊ ဘာစီလိုနာကစားသမားဟောင်း ဒေကိုက အသင်းဟောင်းအနေနဲ့ ရာဖင်ဟာအတွက် ဒီထက်ပိုမိုတဲ့ငွေကြေးနဲ့ ကမ်းလှမ်းလာဖို့ မျှော်လင့်နေပါတယ်။
Sportsmail ရဲ့ သတင်းဖော်ပြမှုအရ ချဲလ်ဆီးက ရာဖင်ဟာအတွက် နူးကမ့်ကလပ်ဆီက ခြိမ်းခြောက်မှုများ ရပ်တန့်သွားဖို့ လိဒ်စ်အသင်းနဲ့ ဆွေးနွေးမှုတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။ လန်ဒန်ကလပ်က ဘရာဇီးလ်တိုက်စစ်မှူးအတွက် တစ်ပတ်လုပ်ခ ပေါင် ၁၁၈,၀၀၀ ဝန်းကျင်နဲ့ ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကမ်းလှမ်းထားသလို လိဒ်စ်ယူနိုက်တက်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း+အပိုဆုကြေး ပေးချေသွားမယ်လို့ ကမ်းလှမ်းထားပါတယ်။
ချဲလ်ဆီးရဲ့ကမ်းလှမ်းမှုကို လိဒ်စ်က လက်ခံခဲ့ပြီးနောက် ကစားသမားအေးဂျင့် ဒေကိုနဲ့အတူ အပြောင်းအရွှေ့ဆိုင်ရာ ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိလာနေတယ်လို့ ပြီးခဲ့တဲ့အင်္ဂါနေ့တုန်းက သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ကာတာလိုနီးယားဒေသမှာ ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုသစ်တွေကို မျှော်လင့်နေတဲ့ ဒေကိုကို တွေ့လိုက်ရပြီးနောက် တူချယ်ရဲ့အသင်းအတွက် ဘရားဇီးလ်တိုက်စစ်မှူးခေါ်ယူရေးကိစ္စမှာ ဖိအားတွေ တိုးပွားလာပါတယ်။
အထူးသဖြင့် ဘာစီလိုနာရဲ့ထိပ်တန်းတာဝန်ရှိသူတွေနဲ့ ဒေကိုတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာချိန်မှာ ချဲလ်ဆီးက အပြောင်းအရွှေ့ကို အမြန်ဆုံးအပြီးသတ်ဖို့ စိတ်အားထက်သန်လာပါတယ်။ အပြောင်းအရွှေ့အတွက် သဘောတူညီမှုတစ်ခုရဖို့ အတော်လေးနီးစပ်နေပေမယ့်လည်း ရာဖင်ဟာရဲ့ ဦးစားပေးဆန္ဒကတော့ ဘာစီလိုနာသာဖြစ်နေပြီး ဒေကိုကလည်း ကစားသမားရဲ့ဆန္ဒကို အကောင်အထည်ဖော်ပေးဖို့ လုပ်ဆောင်နေပါတယ်။
ယခုသီတင်းပတ်အစောပိုင်းတုန်းကတော့ ချဲလ်ဆီးက လိဒ်စ်တောင်ပံလူကို ခေါ်ယူဖို့ အာဆင်နယ်ကို ကျော်ဖြတ်ခဲ့ရတာပါ။ အာဆင်နယ်ရဲ့ ကနဦးကမ်းလှမ်းမှုဖြစ်တဲ့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀+အပိုထပ်ဆောင်းဆုကြေးဆိုတာကို လိဒ်က ပယ်ချပြီးတဲ့နောက်မှာတော့ အာဆင်နယ်က ရာဖင်ဟာ အတွက် ချဲလ်ဆီးနဲ့ အပြိုင် ကြိုးစားလာမျိုး မတွေ့ရတော့ပါဘူး။