ရာဖင်ဟာရဲ့ အပြောင်းအရွှေ့ အပြီးသတ်ဖို့ ယနေ့ အေးဂျင့်ဒေကိုနဲ့ ဆွေးနွေးသွားမယ့် ချဲလ်ဆီး
8:48 AM, 30 June
ချဲလ်ဆီးအသင်းဟာ လိဒ်စ်ယူနိုက်တက်တောင်ပံကစားသမား ရာဖင်ဟာရဲ့ အပြောင်းအရွှေ့ အဆုံးသတ်ဖို့ ယနေ့မှာ အေးဂျင့်ဒေကိုနဲ့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
ချဲလ်ဆီးတို့ ရာဖင်ဟာအတွက် ပြောင်းရွှေ့ကြေး ပေါင် ၅၅သန်း+အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူခဲ့ပြီးနောက် တစ်ပတ်လုပ်ခ ပေါင်၁၁၈၀၀၀ လစာနဲ့ ၅နှစ်စာချုပ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားခဲ့တာ ဖြစ်ပါတယ်။ အေးဂျင့် ဒေကိုအား ယမန်နေ့က ဘာစီလိုနာမှာ တွေ့ခဲ့ရပေမဲ့ ချဲလ်ဆီးက ရာဖင်ဟာအတွက် ငွေကြေးအရ ပိုပေးနိုင်ဖွယ် ရှိနေပါတယ်။
အင်္ဂါနေ့က ဆွေးနွေးမှုတွေ တိုးတက်လာခဲ့ပြီးနောက် လိဒ်စ်က ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့ပြီး ဘာစီလိုနာနဲ့ ချဲလ်ဆီးကွင်းလယ်လူဟောင်း ဒေကိုက အဆိုပါ ညှိနှိုင်းမှုရဲ့ အဓိက နေရာကနေ ပါဝင်နေခဲ့ပါတယ်။ ဒါပေမဲ့ ဘာစီလိုနာက ရာဖင်ဟာလုပွဲထဲ ပါဝင်လာပြီဆိုတဲ့ သတင်းတွေကြောင့် ချဲလ်ဆီးအနေနဲ့ အပြောင်းအရွှေ့ကို အမြန်ဆုံး အဆုံးသတ်ဖို့ လိုအပ်လာခဲ့ပါတယ်။
ချဲလ်ဆီးက ခေါ်ယူနိုင်ဖို့ နီးစပ်နေပေမဲ့ ရာဖင်ဟာ ပြောင်းချင်တဲ့အသင်းက ဘာစီလိုနာ ဖြစ်နေပြီး ဒေကိုကလည်း အဆိုပါ အပြောင်းအရွှေ့ ဖြစ်လာဖို့ အစွမ်းကုန် ကြိုးစားနေခဲ့ပါတယ်။ ယခုအပတ်အစောပိုင်းကတော့ ချဲလ်ဆီးအသင်းဟာ ရာဖင်ဟာကို ပြောင်းရွှေ့ကြေးပိုပေးကာ အာဆင်နယ်လက်ထဲကနေ လုနိုင်ခဲ့ပါတယ်။
အာဆင်နယ်က ဘရာဇီးသားအတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှုပြုလုပ်ရန် ပြင်ဆင်နေပေခဲ့ ချဲလ်ဆီးရဲ့ ကမ်းလှမ်းမှုကိုတော့ လိုက်မီခဲ့ခြင်း မရှိခဲ့ပါဘူး။ ချဲလ်ဆီးအသင်းဟာ ရာဖင်ဟာနဲ့အတူ မန်စီးတီးတောင်ပံကစားသမား စတာလင်ကိုလည်း ခေါ်ယူနိုင်ဖို့ ကြိုးစားနေခဲ့ပါတယ်။