ရှေ့သို့
Image

လန်းစ် ကွင်းလယ်လူ ရှိတ်ဒူကူရေးကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်တော့မယ့်ခရစ္စတယ်ပဲလေ့စ်

12:40 PM, 29 June

ခရစ္စတယ်ပဲလေ့စ်အသင်းဟာ RC Lens အသင်းက ကွင်းလယ်လူ ရှိတ်ဒူကူရေးကို ပေါင် ၁၈ သန်းနဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အင်္ဂါနေ့ညနေပိုင်က ပြင်သစ်မှာ ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ပြီး အပိုဆုကြေးတွေနဲ့ပါဆိုရင် စုစုပေါင်း ပြောင်းရွှေ့ကြေး ပေါင် ၂၂ သန်းခန့်ထိ တက်လာမှာလည်း ဖြစ်ပါတယ်။

၂၂ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီနွေရာသီမှာ ပဲလေ့စ်ရဲ့ နံပါတ်တစ်ပစ်မှတ်လည်း ဖြစ်ပါတယ်။ မာလီ လက်ရွေးစင်ဟာ နည်းပြပက်ထရစ်ဗီအဲရာရဲ့ အသင်းနဲ့ ၅ နှစ်စာချုပ်ချုပ်ဆိုဖို့ ရှိနေပါတယ်။ ဒူကူရေးဟာ ပြီးခဲ့တဲ့ရာသီကတန်ပြန်တက်ပြီးနောက် ဒုတိယမြောက်ရာသီဖြစ်ပြီး လီဂူးဝမ်းအမှတ်ပေးဇယားမှာ အဆင့် ၇ ရခဲ့တဲ့အထိ လန်းစ်အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပေါ် ၁၄.၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် လန်းစ်ကဈေးတိုးပေးဖို့တောင်းဆိုခဲ့တာကြောင့် တိုးပေးလိုက်ပြီးနောက်မှာ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့နီးစပ်လာခဲ့ပါတယ်။

ဒူကူရေးဟာ လန်းစ်အသင်းနဲ့ ၂၀၂၄ ထိ စာချုပ်သက်တမ်းရှိနေတာကြောင့် ရောင်းထုတ်ဖို့အတွက် ဖိအားရှိမနေပါဘူး။ ဒါပေမယ့်လည်း ပဲလေ့စ်ရဲ့ကမ်းလှမ်းမှုက လန်းစ်အတွက် ကောင်းလွန်နေတာကြောင့် ငြင်းဖို့ခက်နေပါတယ်။ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီက ၃၄ ပွဲကစားခဲ့ပြီး သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်ပြုလုပ်ကာ အထူးခြေစွမ်းပြနိုင်ခဲ့ပါတယ်။

အခုဆိုရင် လန်းစ်အသင်းအတွက် စုစုပေါင်း ၁၃၄ ပွဲထိ ကစားခဲ့ပြီးဖြစ်သလို မာလီလက်ရွေးစင်မှာလည်း ၈ ပွဲကစားထားပါတယ်။ ဒူကူရေးဟာ ပဲလေ့စ်နဲ့နည်းပြဗီအဲရာအတွက် ဒီနွေရာသီမှာ ၃ ယောက်မြောက် ကစားသမား ဖြစ်လာမှာပါ။

ပဲလေ့စ်ဟာ ဒါဘီကောင်တီတောင်ပံကစားသမား မယ်ကွမ်အီဘီအိုဝီကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူထားသလို အင်္ဂလန်လက်ရွေးစင် ဂိုးသမားဆမ်ဂျွန်စတုန်းကိုလည်း အလွတ်နဲ့ခေါ်ယူထားပါသေးတယ်။ ဒါ့အပြင် အသင်းက ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ်မက္ကာသာနဲ့ ဂျိမ်းစ်တွမ်ကင်းစ်တို့ကိုလည်း တစ်နှစ်စီစာချုပ်သက်တမ်း တိုးထားပါတယ်။

#ခရစ္စတယ်ပဲလေ့စ် #လန်းစ် #အပြောင်းအရွှေ့ #ဗီအဲရာ #ရှိတ်ဒူကူရေး