ရှေ့သို့
Image

ချန်ပီယံလိဂ်ဖိုင်နယ်က ဖြစ်ရပ်နဲ့ပတ်သက်ပြီး လီဗာပူး ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ပြင်သစ်ဝန်ကြီး ဒါမာနင်

10:29 AM, 29 June

ချန်ပီယံလိဂ်ဖိုင်နယ်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ပြင်သစ်ဝန်ကြီး ဒါမာနင်ဟာ လီဗာပူးပရိသတ်တွေကို တောင်းပန်စကားဆိုလိုက်ပါတယ်။

ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ဟာ ၂ ကြိမ်တိုင်နောက်ကျခဲ့ပြီး ယူအီးအက်ဖ်အေကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့် နောက်ကျတာဖြစ်တ်လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းက ပွဲအပြီးမှာ လီဗာပူး အသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပေမယ့် ပွဲမစခင် ကွင်းပြင်ပမှာ အငြင်းပွားဖွယ်တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ပြင်သစ်အစိုးရကတော့ ပရိသတ် ၃ သောင်း နဲ့ ၄ သောင်းလောက်ဟာ လက်မှတ်မပါပဲ ရောက်ရှိလာခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ပြင်သစ်ရဲတပ်ဖွဲ့အမှုဆောင် လာလာမန့်ကတော့ အဆိုပါဖြစ်ရပ်ကို ကိုင်တွယ်ပုံနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခံနေရပါတယ်။

အခုလအစောပိုင်းတုန်းကတော့ လီဗာပူး ပရိသတ်တွေကို ကိုင်တွယ်ပုံမှားယွင်းခဲ့တယ်လို့ လာလာမန့်က တောင်းပန်ခဲ့ပါတယ်။ ယူအီးအက်ဖ်အေလည်း အင်္ဂါနေ့တုန်းက ချန်ပီယံလိဂ်ဖြစ်ရပ်နဲ့ ပတ်သက်ပြီး တောင်းပန်ခဲ့ကာ ဒါမာနင်က ပြင်သစ်အဖွဲ့အစည်းမှာ တာဝန်ရှိတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

“ပြင်သစ်အဖွဲ့မှာ တာဝန်ရှိသလားဆိုရင် မှန်ပါတယ်။ ကျွန်တော်တို့မှာ တာဝန်ရှိတာပါ။ တာဝန်ယူရမလားဆိုရင်လည်း အတူတူပါပဲ။ အဆိုပါကိုင်တွယ်မှုနဲ့ပတ်သက်ပြီး တောင်းပန်ပါတယ်”လို့ ဒါမာနင်က ပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဒါမာနင်