ရှေ့သို့
Image

ဘာစီလိုနာက အတိတ်နှောင်ကြိုးများထဲမှ လွတ်မြောက်လာခြင်းမရှိသေးဟု နည်းပြဟောင်း ကိုးမန်းဝေဖန်

2:31 PM, 28 June

ဘာစီလိုနာနည်းပြဟောင်း ရော်နယ်လ်ကိုးမန်းက အသင်းဟောင်းအနေဖြင့် တီကီတာကာကစားဟန်ကို စွဲလမ်းနေကာ အတိတ်နှောင်ကြိုးများထဲမှ လွတ်မြောက်လာခြင်းမရှိသေးကြောင်း ဝေဖန်ပြောဆိုခဲ့သည်။ ရော်နယ်ကိုးမင်းသည် ပြီးခဲ့သည့်အောက်တိုဘာလတွင် ဘာစီလိုနာနည်းပြတာဝန်မှ ထုတ်ပယ်ခံခဲ့ရပြီး ကလပ်ဂန္တဝင် ကစားသမားဇာဗီက ၎င်း၏ နေရာတွင် အစားထိုးတာဝန်ယူခဲ့သည်။


ကာတာကမ္ဘာ့ဖလား ပြိုင်ပွဲအပြီးတွင် နယ်သာလန်နည်းပြအဖြစ် အစားထိုးတာဝန် ယူဖွယ်ရှိနေသော ကိုးမန်းက ဘာစီလိုနာသည် တီကီတာကာဘောလုံး ပိုင်ဆိုင်မှုအခြေပြု ကစားဟန်ကိုသာ မှီခိုအားထားနေဆဲ ဖြစ်ကြောင်းဝေဖန် ပြောဆိုခဲ့သည်။ “ကျွန်တော်လည်း ပွဲကိုလွှမ်းမိုးကစားဖို့ လိုလားပါတယ်။ ဗဟိုခံစစ်မှူး ၃ ဦးနဲ့ ခံစစ်ကစားသမား ၅ ဦးထားပြီး ကစားတယ်ဆိုရင်တောင်မှ ဒါကို ခံစစ်ကစားကွက်ဆိုပြီး ပြောလို့မရပါဘူး။


ကျွန်တော်တို့ ဒီကစားကွက်နဲ့ သုံးလ၊ လေးလလောက်ကစားခဲ့ပြီး လတ်တလောနှစ်တွေအတွင်း အကောင်းဆုံးပွဲတွေကို ကစားနိုင်ခဲ့ပါတယ်။ အရှင်းလင်းဆုံး ဥပမာပေးရရင် ဘီလ်ဘာအိုနဲ့ ကိုပါဒယ်လ်ရေး ဖိုင်နယ်ပွဲစဉ်ပဲ။ ဘာစီလိုနာကတော့ တီကီတာတာမှ၊ ၄-၃-၃ မှ ဆိုပြီး အတိတ်ကာလထဲမှာပဲ ရှင်သန်နေဆဲ ဖြစ်နေတယ်။ ဘောလုံးလောကဟာ ပြောင်းလဲခဲ့ပါပြီ


 အခုဆိုရင် ပိုမြန်ဆန်လာသလို ရုပ်ပိုင်းဆိုင်ရာ အားပြုမှုတွေထက်လည်း ပိုလာပါပြီ။ မင်းအနေနဲ့ အတိတ်ကာလမှာပဲ အသက်ရှင်သန်နေထိုင်နေလို့ မရပါဘူး”ဟု ကိုးမန်းက ဆိုသည်။ ယခုနွေရာသီတွင် ဘိုင်ယန်မြူးနစ်မှထွက်ခွာဖို့ သတင်းများထွက်ပေါ်နေသော လီဝန်ဒေါစကီးကို ခေါ်ယူမည့် ဘာစီလိုနာ၏ အကြံအစည်ကိုလည်း နယ်သာလန်လူမျိုးနည်းပြက ဆန်းစစ်ဝေဖန်ခဲ့သည်။


“လီဝန်ဒေါစကီးက တကယ့် ကစားသမားကောင်း တစ်ဦးဖြစ်သလို ပုံမှန်ဂိုးသွင်းယူနိုင်တဲ့ တိုက်စစ်မှူးမျိုးပါ။ ဒါပေမယ့် သူက အသက်အရွယ်ရနေပါပြီ။ သူရဲ့အသက်အရွယ်က ၃၅ နှစ်လား? သူ့အတွက် ပြောင်းရွှေ့ကြေး သန်း ၅၀ သို့မဟုတ် ၆၀ ပေးတဲ့အပေါ် ကျွန်တော်အနေနဲ့ သံသယရှိပါတယ်။ သူရဲ့ များပြားလှတဲ့ လစာငွေကြေးလည်း ပါဝင်တာပေါ့။ သူ နှစ်နှစ်လောက် ကောင်းကောင်း ကစားနိုင်ကောင်း ကစားနိုင်ပါလိမ့်မယ်။ ဒါပေမယ့် သူ့ကို ခေါ်တာ၊ မခေါ်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ သံသယတွေအများကြီးရှိနေပါတယ်”ဟု ရော်နယ်ကိုးမန်းက ဆက်လက်ပြောဆိုသည်။

#လာလီဂါ #ဘာစီလိုနာ #ဇာဗီ #ရော်နယ်ကိုးမန်း