ရှေ့သို့
Image

ဂေါ်ဒွန်နှင့် ရစ်ချာလီဆန်တို့ နှစ်ဦးပူးပေါင်းခေါ်ယူရန် တော့တင်ဟမ်၏ ကမ်းလှမ်းလာမှုကို အဲဗာတန် လက်မခံ

1:50 PM, 28 June

တော့တင်ဟမ်၏ ဂေါ်ဒွန်နှင့် ရစ်ချာလီဆန်တို့ နှစ်ဦးကို ပူးပေါင်းခေါ်ယူမည့်အစီအစဉ်တစ်ခု ကမ်းလှမ်းလာမှု အပေါ် အဲဗာတန်က လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။

မာဆေးဆိုဒ်ကလပ်က အသင်း၏ အဓိက ကစားသမားနှစ်ဦးကို ပူးပေါင်းရောင်းချမည့်အစီအစဉ်မရှိသော်လည်း ရစ်ချာလီဆန်နှင့် ဟယ်ရီဝင့်ခ်တို့ ပါဝင်သော အပြောင်းအရွှေ့ညှိနှိုင်းမှုမှာ ဆက်လက်ဆွေးနွေးဖွယ် ရှိနေသည်။ အဲဗာတန်အနေဖြင့် ဘဏ္ဍာရေးအခက်အခဲများကို လျော့ပါးစေဖို့ အဓိကကစားသမားများကို ရောင်းချရန် အမှန်တကယ်လိုအပ်နေပြီး အသင်းပရိသတ်အချို့ကလည်း စာချုပ်သက်တမ်း နှစ်နှစ်သာကျန်ရှိသော ရစ်ချာလီဆန်အား ရောင်းချဖို့ အချိန်တန်ပြီဟုလည်း လက်ခံထားကြသည်။

၂၀၁၈ ခုနှစ်တွင် ဝက်ဖို့ဒ်မှ အဲဗာတန်သို့ ပြောင်းရွှေ့ကြေးပေါင် ၃၅ သန်းဖြင့် ရောက်ရှိလာသော ရစ်ချာလီဆန်အတွက် အဲဗာတန်ကလည်း ပြောင်းရွှေ့ကြေး မြင့်မြင့်မားမားဖြင့် ကမ်းလှမ်းလာမှုကို မျှော်လင့်နေသည်။ ပြီးခဲ့သည့်ပရီးမီးယားလိဂ် ဘောလုံးရာသီတွင် အဲဗာတန်အသင်းကြီးအတွက် ပွဲထွက်ပါဝင်ခွင့်ရသည်အထိ ခြေစွမ်းပြသနိုင်ခဲ့သော အသက် ၂၁ နှစ်အရွယ် တောင်ပံကစားသမား အန်တိုနီဂေါ်ဒွန်ကမူ အသင်းမှ ထွက်ခွာရန် အလားအလာနည်းနေပြီး စာချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိ ကျန်ရှိနေသေးသည်။

ဂေါ်ဒွန်သည် အင်္ဂလန်ယူ-၂၁လက်ရွေးစင် အသင်းအတွက်လည်း ၇ ပွဲ ကစား၊ ၄ ဂိုး သွင်းကာ ခြေစွမ်းပြသထားသည်။ ပြီးခဲ့သည့်ဘောလုံးရာသီတွင် ဖရန့်လမ်းပတ်၏ အသင်းသည် တန်းဆင်းဇုန်ဝန်းကျင်နားတွင် ရုန်းကန်ခဲ့ရပြီး ရာသီကုန်ချိန်တွင် တန်းဆင်းဇုန်အထက် လေးမှတ်အကွာ၊ အမှတ်ပေးဇယားအဆင့်(၁၆)နေရာဖြင့် ရာသီသိမ်းခဲ့ရသည်။

ရစ်ချာလီဆန်သည် အဲဗာတန်အတွက် အစားထိုးဖို့ခက်ခဲသော ကစားသမားတစ်ဦးဖြစ်သော်လည်း ကလပ်၏ ဘဏ္ဍာရေး အခြေအနေကြောင့် ၎င်းအား ရောင်းချခြင်းသည် ကောင်းမွန်သောရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ဖွယ် ရှိသည်။

#တော့တင်ဟမ် #အဲဗာတန် #အပြောင်းအရွှေ့ #ရစ်ချာလီဆန် #ဂေါ်ဒွန်