ရှေ့သို့
Image

အေစီမီလန်နှင့် အပြောင်းအရွှေ့အပြီးသတ်ဖို့ အီတလီမြေကို ခရီးဆိုက်လာတဲ့ လီဗာပူးဂန္တဝင် အိုရီဂီ

10:36 AM, 28 June

ယမန်နှစ်ဘောလုံး ရာသီကုန်တွင် လီဗာပူးမှ ထွက်ခွာလာသော အိုရီဂီသည် စီးရီးအေချန်ပီယံ အေစီမီလန်နှင့် အပြောင်းအရွှေ့ကိစ္စ အပြီးသတ်ရန် အီတလီမြေသို့ ခရီးဆိုက်ရောက်လာခဲ့သည်။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ၇ ပွဲခန့်သာ ပါဝင်ကစားနိုင်ခဲ့သော အသက် ၂၇ နှစ်အရွယ် တိုက်စစ်မှူးသည် အန်ဖီးလ်တွင် ၇ နှစ်ကြာကစားခဲ့ပြီးနောက် ကလပ်မှထွက်ခွာမည်ဟု မေလအတွင်း တရားဝင်ကြေညာခဲ့သည်။ ယမန်နေ့တနင်္လာနေ့ ညနေခင်းပိုင်းတွင် အိုရီဂီသည် မီလန်မြို့ ၊မယ်လ်ပန်ဆာလေဆိပ်သို့ ဆိုက်ရောက်လာခဲ့ပြီး အင်္ဂါနေ့နံနက်ပိုင်းတွင် အီတလီချန်ပီယံနှင့် ဆေးစစ်မှုများ လုပ်ဆောင်သွားဖို့ ရှိနေသည်။


တက်ကြွလန်းဆန်းနေသော အမူအရာများဖြင့် အိုရီဂီသည် လေဆိပ်ပြင်ပ၌ ပရိသတ်များကို လက်ဝှေ့ရမ်းနှုတ်ဆက်ခဲ့ကာ ဆေးစစ်မှုများကို အောင်မြင်စွာကျော်ဖြတ်နိုင်ပါက လာမည့်ရက်ပိုင်းအတွင်း အေစီမီလန်ကစားသမားသစ်အဖြစ် တရားဝင်ကြေညာနိုင်ဖွယ် ရှိနေသည်။ အိုရီဂီသည် ယာဂန်ကလော့ပ်၏ အသင်းတွင် ပွဲထွက်ပါဝင်ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရသော်လည်း အမှတ်ရစရာ အခိုက်အတန့်တချို့ကို လုပ်ဆောင်နိုင်ခဲ့သည်။


 အထူးသဖြင့် ၂၀၁၉ ခုနှစ်၊ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘာစီလိုနာကို အံ့ဖွယ် Comeback ဖြင့် အနိုင်ရခဲ့သောပွဲစဉ်တွင် သွင်းဂိုးနှစ်ဂိုး စွမ်းဆောင်နိုင်ခြင်းနှင့်အတူ ဖိုင်နယ်ပွဲစဉ်တွင် တော့တင်ဟမ်ဘက်သို့ အနိုင်ဂိုးသွင်းယူခဲ့ခြင်းတို့မှာ ထင်ရှားသော အဖြစ်အပျက်များ ဖြစ်သည်။ အိုရီဂီအနေဖြင့် မီလန်တိုက်စစ်ပိုင်းအတွက် ယခင်ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းများဖြစ်သော အီဘရာဟီမိုဗစ်၊ ဂျီရူးတို့နှင့် ပူးပေါင်းရဖို့ရှိနေပြီး ပီအိုလီ၏ အသင်းကလည်း လာမယ့်ရာသီတွင် စီးရီးအေချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ပြင်ဆင်မှုများ ပြုလုပ်နေသည်။

#လီဗာပူး #စီးရီးအေ #အိုရီဂီ #အေစီမီလန် #အပြောင်းအရွှေ့