ရှေ့သို့
Image

အန်တိုနီနဲ့ ရာဖင်ဟာတို့ကို ပိုပြီးအင်အားကြီးတဲ့ အသင်းတွေဆီ ပြောင်းရွှေ့ဖို့ ရီဗယ်ဒို တိုက်တွန်း

3:40 PM, 24 June

ဘရာဇီးဂန္တဝင်ကစားကြီး ရီဗယ်ဒိုကတော့ နိုင်ငံအသင်းမှာ အခွင့်အရေး ပိုရဖို့အတွက် ရာဖင်ဟာနဲ့ အန်တိုနီတို့ကို ပိုကြီးတဲ့ အသင်းတွေဆီ ပြောင်းရွှေ့ဖို့ တိုက်တွန်းခဲ့ပါတယ်။

တောင်ပံကစားသမား နှစ်ယောက်စလုံးဟာ အသင်းပြောင်းရွှေ့ဖို့ သတင်းကြီးနေသူတွေ ဖြစ်ကြပြီး အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တို့က အသီးသီး ခေါ်ယူဖို့ ကြိုးစားနေကြပါတယ်။ လာမယ့်ကမ္ဘာ့ဖလားဟာ ကစားသမားတိုင်းအတွက် အရေးပါတာကြောင့် ဒီနွေရာသီမှာ အသင်းကြီးတွေဆီ ပြောင်းရွှေ့ပြီး အတွေ့အကြုံအသစ်တွေ ရယူကြဖို့တိုက်တွန်းခဲ့ပါတယ်။

ရီဗယ်ဒိုက “ပရီးမီးယားလိဂ်ကို ရောက်ဖို့နာမည်ကြီးနေတဲ့ နောက်ထပ်ကစားသမား တစ်ယောက်က အေဂျက်စ်က အန်တိုနီပဲ။ ၂၀၂၁-၂၂ ရာသီမှာ ခြေစွမ်းပြနိုင်ခဲ့တဲ့အတွက်လည်း ပိုအင်အားကြီးတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ အချိန်တန်ပါပြီ။ အခုမန်ချက်စတာယူနိုက်တက်မှာ သူ့ရဲ့နည်းပြ အဲရစ်တန်ဟတ်လည်း ရှိနေတယ်၊ ပြီးတော့ သူ့ကိုခေါ်နိုင်ဖို့ အနီးစပ်ဆုံးကလည်း မန်ချက်စတာယူနိုက်တက်ပဲ ရှိတယ်။ သူအိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြကစားနိုင်မယ်ဆိုတာတော့ ကျွန်တော်လုံးဝယုံကြည်ပါတယ်။ ရာဖင်ဟာလည်း အတူတူပဲ ပိုကြီးတဲ့အသင်းတစ်သင်းမှာ ခြေစွမ်းပြကစားနိုင်မယ်ဆိုရင်တော့ သူကမ္ဘာ့ဖလားမှာ ပုံမှန်နေရာရဖို့ ပိုနီးစပ်ပါတယ်။ တီတီ(ဘရာဇီးလက်ရွေးစင်နည်းပြ) ရောက်လာပြီးကတည်းက နိုင်ငံအသင်း လူစာရင်းက ပိုတောင့်လာတယ်။ သူက အရည်အချင်းအပေါ်မှာပဲ ယုံကြည်မှုအပြည့်နဲ့ ကစားသမားတွေ ရွေးချယ်တတ်တယ်”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်နဲ့ ယူနိုက်တက်သာ လာမယ့်အပြောင်းအရွှေ့ ကာလအတွင်း ထပ်မံကမ်းလှမ်းခဲ့မယ်ဆိုရင်တော့ အန်တိုနီနဲ့ရာဖင်ဟာ နှစ်ယောက်စလုံးအသင်းပြောင်းရွှေ့ဖို့ များပါတယ်။ ရာဖင်ဟာကတော့ ၂၀၂၄ နွေရာသီထိ လိဒ်စ်ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ရှိနေပေမယ့် ဒီနွေရာသီမှာ အသင်းပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၁ ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး အသင်းကိုလည်း တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

တစ်ဖက်မှာလည်း ယူနိုက်တက်က အန်တိုနီကိုခေါ်ယူနိုင်ဖို့ ကြိုးစားနေပြီး နည်းပြတန်ဟတ်က သူ့ရဲ့ တပည့်ဟောင်းတွေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ ပြန်ဆုံနိုင်ဖို့ မျှော်လင့်နေပါတယ်။ အန်တိုနီသာ ယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ ရက်ရှ်ဖို့ဒ်၊ အီလန်ဂါ၊ ဆန်ချို၊ အန်တိုနီတို့နဲ့ တောင်ပံတိုက်စစ် ကစားပုံတစ်ခုကို အသက်သွင်းသွားဖွယ် ရှိပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ရာဖင်ဟာ #အန်တိုနီ #ရီဗယ်ဒို