ရှေ့သို့
Image

နော့တင်ဟမ်ဖောရက်စ်ကို ပြောင်းရွှေ့ဖို့ သဘောတူခဲ့တဲ့ ဒင်းဟန်ဒါဆန်

10:47 AM, 23 June

မန်ချက်စတာယူနိုက်တက် ဂိုးသမားဒင်းဟန်ဒါဆန်ကတော့ နော့တင်ဟမ်ဖောရက်စ်ကို တစ်ရာသီအငှားထွက်ကစားဖို့ သဘောတူညီလိုက်ပြီလို့ သိရပါတယ်။ ယူနိုက်တက်ကလည်း ဒေးဗစ်ဒီဂီယာ၊ တွမ်ဟီတန်တို့နဲ့ ယှဉ်နိုင်မယ့် ဂိုးသမားသစ်တစ်ဦး ရှာဖွေနေပြီး ဘက်ဂျက်ပိုနည်းမယ့် ပစ်မှတ်တွေကို ရှာဖွေနေပြီး ဝက်ဖို့ဒ်ဂိုးသမား ဒန်နီရယ်ဘက်ချ်မန်းကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။ ဒါပေမယ့် ၂၇ နှစ်အရွယ်ဂိုးသမား ဘက်ချ်မန်းက ဝက်ဖို့ဒ်နဲ့ ၂ နှစ်စာချုပ် ကျန်ရှိနေသေးတာကြောင့် ပြောင်းရွှေ့ကြေးတစ်ရပ်တော့ ပေးရဖွယ်ရှိပါတယ်။ ပရီးမီးယားလိဂ်တန်းတက်အသင်းသစ် ဖောရက်စ်က ဟန်ဒါဆန်ကို ရာသီကုန်ထိ အငှားခေါ်ယူခဲ့တာဖြစ်ပြီး အင်္ဂလန်လက်ရွေးစင်ကို ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခွင့်လည်း ပါဝင်နေပါတယ်။

 

ဟန်ဒါဆန်ဟာ မိခင်ကလပ်ယူနိုက်တက်မှာ ထင်သလောက် နေရာမရပေမယ့် ရှက်ဖီးလ်ယူနိုက်တက်မှာ အငှားထွက်ကစားခဲ့တဲ့ တစ်လျှောက်လက်စွမ်းပြနိုင်ခဲ့ပြီး ၂၀၁၉ -၂၀ ရာသီကတော့ ဟန်ဒါဆန်ရဲ့ အကောင်းဆုံးရာသီဖြစ်ခဲ့ပြီး ရှက်ဖီးလ်ကိုလည်း အဆင့် ၉ နေရာရအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ ရှက်ဖီးလ်မှာ လက်စွမ်းပြနိုင်ခဲ့ပြီးနောက် အိုးလ်ထရက်ဖို့ဒ်ကိုပြန်ခဲ့ပြီး အဆင့် ၂ ရခဲ့တဲ့ အသင်းအတွက်အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပါတယ်။ အခုလက်ရှိ ဖောရက်စ်မှာတော့ ဘရိုက်ဆမ်ဘာရှိနေပေမယ့် ကွန်ဂိုကြယ်ပွင့်က ပြင်သစ်ကို ပြန်ပြောင်းချင်နေပါတယ်။ ဘက်ချ်မန်းကတော့ ဝက်ဖို့ဒ်ကို ၂၀၁၇ ကတည်းက ရောက်နေတာဖြစ်ပြီး ချန်ပီယံရှစ် ၂၃ ပွဲ ကစားခွင့်ရရှိခဲ့သလို ၂၀၂၀-၂၁ ရာသီက ဝက်ဖို့ဒ်အသင်း ပရီးမီးယားလိဂ်ကို တန်းပြန်တက်နိုင်ဖို့အတွက် အဓိကကစားသမားဖြစ်ခဲ့ပါတယ်။

 

သြစတြီးယားလက်ရွေးစင်ဟာ ပြီးခဲ့တဲ့ရာသီက ရာသီအစပွဲစဉ်တွေမှာ နေရာရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ဝါရင့်ဂိုးသမား ဘန်ဖော်စတာကို နေရာပေးလိုက်ရပြီး နံပါတ် ၂ ဂိုးသမား ဖြစ်သွားခဲ့ပါတယ်။ အခုဆိုရင် ဖော်စတာကလည်း ဝက်ဖို့ဒ်ကနေ ထွက်ခွာသွားခဲ့ပေမယ့် စပါတာရိုတာဒမ်အသင်းက ဂိုးသမား မာဒူကာအိုကိုယီကို ပေါင် ၅ သန်းနဲ့ အစားထိုးပြန်ခေါ်ထားပါတယ်။ ဘက်ချ်မန်းဟာ ၂၀၁၁ ကတည်းက စတုတ်စီးတီးကို အသက် ၁၇ နှစ်အရွယ်မှာ သြစတြီးယားဗီယင်နာအသင်ကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အင်္ဂလန်မှာ ကစားခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် စတုတ်မှာတုန်းက ပထမအသင်းအတွက် တစ်ပွဲမှကစားခွင့်မရခဲ့ပဲ Wrexham, Ross County , Bury စတဲ့ ယူကေတစ်ဝှမ်းက အသင်းတွေဆီကိုပဲ အငှားထွက်ကစားခဲ့ရကာ လွန်ခဲ့တဲ့ ၅ နှစ်က ဝက်ဖို့ဒ်ကို ရောက်ရှိခဲ့ပါတယ်။ ဝက်ဖို့ဒ်အတွက်တော့ ၄၁ ပွဲကစားခဲ့ပေမယ့် ၂၀၁၈-၁၉ ရာသီမှာ Kilmarnock အသင်းကို တစ်ကြိမ်အငှားထွက်ခဲ့ရပါသေးတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဒင်းဟန်ဒါဆန် #ဖော်စတာ #နောတင်ဟမ်ဖောရက်စ် #တန်ဟတ်