ရှေ့သို့
Image

လာမည့်သီတင်းပတ်များအတွင်း ကစားသမားသစ်များ ထပ်မံခေါ်ယူဖွယ်ရှိကြောင်း အီဒူး ဆို

4:37 PM, 22 June

အာဆင်နယ် အားကစားဒါရိုက်တာ အီဒူးက လာမည့်သီတင်းပတ်များအတွင်း ဂန်းနားတို့အတွက် ကြီးမားသောလက်မှတ်ရေးထိုးခေါ်ဆိုမှုများ ပေါ်ပေါက်လာဖွယ်ရှိကြောင်း အရိပ်အမြွက်ပြောဆိုခဲ့သည်။

ယခုရာသီ အမ်းမရိတ်စ်ကလပ်သို့ အမေရိကန်ဂိုးသမား မတ်တာနာနှင့် ဘရာဇီးလ်ရှေ့တန်းလူ မာကွင်ဟို့စ်တို့ ပြောင်းရွှေ့လာပြီးနောက် အာဆင်နယ်သည် ပေါ်တိုကွင်းလယ်တိုက်စစ်သမား ဗီအဲရာကို ပေါင် ၃၄ သန်းဖြင့် ခေါ်ယူခဲ့ရာ ယခုအပြောင်းအရွှေ့ကာလ ကစားသမားသစ် ၃ ဦးကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်သည်။ မြောက်လန်ဒန်ကလပ်သည် အခြားသော အဓိကအပြောင်းအရွှေ့လှုပ်ရှားမှုကြီးများကို ဆက်လက်လုပ်ဆောင်ရန် ကြံရွယ်ထားပြီး လက်စတာကွင်းလယ်လူ တိုင်လီမန်းစ်၊ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်၊ လိဒ်တောင်ပံလူ ရာဖင်ဟာနှင့် အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ကို အပြင်းအထန် ချိတ်ဆက်နေကြောင်း သတင်းများထွက်ပေါ်နေသည်။

မကြာမီကာလတွင် နောက်ထပ်အပြောင်းအရွှေ့ခေါ်ယူမှုများ ကြေညာရမည့်အပေါ် မျှော်လင့်ထားခြင်း ရှိ၊မရှိ မေးမြန်းခဲ့ရာတွင် အီဒူးက ပြုံးလျက် “ အမှန်ပါပဲ။ ကျွန်တော် အတော်လေးကို စိတ်လှုပ်ရှားရပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်ပြီး အပေါင်းလက္ခဏာဆောင်တဲ့ စကားပြောဆိုထားမှုတွေ ရှိပါတယ်။ မကြာမီကာလမှာ အသင်းပရိသတ်တွေဆီ သတင်းကောင်းတွေ ပေးနိုင်ဖို့ ကျွန်တော်မျှော်လင့်ပါတယ်”ဟု ပြောဆိုခဲ့သည်။

လူငယ်ခြေတက်ကစားသမားများကို စောင့်ကြည့်ခေါ်ယူသည့် အပြောင်းအရွှေ့ဗျူဟာအပေါ် အီဒူးက “မှန်ကန်တဲ့အသက်အရွယ်၊ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှှုနဲ့ မှန်ကန်တဲ့ စိတ်ဓါတ်ပိုင်းတွေကို ပိုင်ဆိုင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် ကစားသမားတွေအတွက် ကျွန်တော်တို့ ဈေးကွက်ထဲကို ဝင်ရောက်တာပါ။ အလွန်ကြီးမားတဲ့ အနာဂတ်နဲ့အတူ ငယ်ရွယ်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့အသင်း တစ်သင်းအဖြစ် အာဆင်နယ်ကို ကျွန်တော်တို့ မြင်တွေ့ချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့နွေရာသီမှာ ကျွန်တော်ပြောခဲ့သလိုပဲ ငယ်ရွယ်တဲ့ အသင်းတစ်ခုဖွဲ့စည်းဖို့ စိတ်ကူးထားလို့ပါပဲ။ ကျွန်တော်တို့က သူတို့ကို ငါးရာသီ သို့မဟုတ် ခြောက်ရာသီလောက် အတူတကွကစားခွင့်ရစေမယ့် အခွင့်အလမ်းတစ်ခု ပေးချင်ပါတယ်။ ကျွန်တော်တို့ လုပ်စရာတွေအများကြီး ရှိပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့ခေါ်ယူလိုတဲ့ ကစားသမားတွေ၊ ပစ်မှတ်ကစားသမားတွေနဲ့အတူ ရာသီသစ်ကို စတင်ဖို့ ကျွန်တော်တို့ အမှန်တကယ် စိတ်လှုပ်ရှားနေပါတယ်”ဟု ဆွေးနွေးခဲ့သည်။

#အီဒူး #အာဆင်နယ်