ရာဖင်ဟာအတွက် အာဆင်နယ်အသင်းရဲ့ ကနဦးကမ်းလှမ်းချက်ကို ပယ်ချဖွယ်ရှိနေတဲ့ လိဒ်စ်ယူနိုက်တက်
10:23 AM, 22 June
လိဒ်စ်ယူနိုက်တက်အသင်းဟာ တောင်ပံကစားသမား ရာဖင်ဟာအတွက် သတ်မှတ်ထားတဲ့ ပြောင်ရွှေ့ကြေး ပေါင် သန်း၆၀အောက်သာ ရှိမယ့် အာဆင်နယ်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချဖွယ်ရှိနေကြောင်း သိရပါတယ်။
လိဒ်စ်က ပယ်ချသွားမှာဖြစ်ပေမဲ့ အာဆင်နယ်ကတော့ ဘရာဇီးသားကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ ရှိနေပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးတိုက်စစ်မှူး ဂျီးဆပ်စ်ကိုလည်း ခေါ်ယူဖို့ ဆွေးနွေးနေပြီး ပေါင် သန်း၅၀နဲ့ ခေါ်ယူနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
တော့တင်ဟမ်နဲ့ ပီအက်စ်ဂျီတို့ကလည်း ဂျီးဆပ်စ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပေမဲ့ ကစားသမားက အာဆင်နယ်ကို ပြောင်းချင်နေတယ်ဆိုတာကိုတော့ သိရှိထားကြပါတယ်။ ဘရာဇီးသားဟာ ယမန်နေ့ညက အာဆင်နယ်အသင်း တရားဝင်ကြေညာခဲ့တဲ့ ကွင်းလယ်လူ ဖေဘီယို ဗီအဲရာနဲ့ အေးဂျင့်အတူတူပဲ ဖြစ်ပါတယ်။
ဗီအဲရာရဲ့ အပြောင်းအရွှေ့အပြီး အာဆင်နယ်ဟာ ဘာစီလိုနာ၊ တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့ကလည်း စိတ်ဝင်စားနေတဲ့ ရာဖင်ဟာဘက်ကို အာရုံစိုက်လာခဲ့ပါတယ်။ လိဒ်စ်မှာ ခြေစွမ်းပြနေတဲ့ ကစားသမားကို ဘာစီလိုနာက ခေါ်ယူလိုပေမဲ့ ဘဏ္ဍာရေး ပြဿနာက အပြောင်းအရွှေ့ကို တားဆီးနေခဲ့ပါတယ်။
ရာဖင်ဟာကတော့ ရန်းနက်စ်ကနေ လိဒ်စ်ကို ရောက်လာပြီးနောက် အကောင်းဆုံးရာသီ၂ခုကို ဖြတ်သန်းခဲ့ပြီး ပရီးမီးယားလိဂ် ၆၅ ပွဲမှာ ၁၇ ဂိုး သွင်းနိုင်ခဲ့ပါတယ်။