ရှေ့သို့
Image

အာဆင်နယ်လို ကမ္ဘာ့အကြီးမားဆုံး ကလပ်တစ်ခုကို ပြောင်းရလို့ ဝမ်းသာနေကြောင်း ပြောလာတဲ့ ဗီအဲရာ

8:56 AM, 22 June

ဖေဘီယို ဗီအဲရာက အာဆင်နယ်ကို ပြောင်းလာပြီးနောက် ကမ္ဘာ့အကြီးမားဆုံးကလပ်တစ်ခုကို ပြောင်းရလို့ ပျော်ရွှင်နေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ၂၂နှစ်သားဟာ ဂန်းနားတွေထံ ပေါင် သန်း၃၀+အပိုဆုကြေး ပေါင်၄.၂သန်းနဲ့ ရောက်လာခဲ့တာဖြစ်ပြီး နှစ်ရှည်စာချုပ် ချုပ်ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်တို့ ယမန်နှစ်ရာသီက ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ၂မှတ်သာကွာခဲ့ပြီးနောက် ယခုနှစ်နွေရာသီမှာတော့ နည်းပြ အာတီတာတစ်ယောက် ကစားသမားအင်အားဖြည့်တင်းမှုတွေ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ်ရာသီက ပေါ်တူဂီပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှု ၁၄ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ဗီအဲရာဟာ အာဆင်နယ် အသင်းမှာတော့ ကွင်းလယ်ဖန်တီးမှုအသစ်တွေ ပြုလုပ်ပေးစွမ်းရှိမလား စောင့်ကြည့်ရမှာပါ။

ဗီအဲရာက “ကျွန်တော် စိတ်လှုပ်ရှားနေပါတယ်။ ဒါက ကျွန်တော့်ကစားသမားဘ၀ အရေးပါတဲ့ အဆင့်၁ဆင့်ပဲ ဖြစ်ပါတယ်။ အာဆင်နယ်က ကြီးမားတဲ့ကလပ်ဖြစ်ပြီး သမိုင်းကြောင်းလည်းကောင်းတာကြောင့် ကျွန်တော် ဒီကို ပြောင်းလာရတာ ဝမ်းသာပါတယ်” “အာဆင်နယ်က သမိုင်းကြောင်းကြီးတဲ့ အင်္ဂလိပ်ကလပ်တစ်ခုပါ။ ဒီကလပ်က ကမ္ဘာ့အကြီးမားဆုံး ကလပ်တစ်ခုဖြစ်ပြီး အသင်းကောင်း၁သင်းဖြစ်တယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကလည်း ကျွန်တော် အာဆင်နယ်ကို ရွေးချယ်ခဲ့တဲ့ အကြောင်းအရင်းတစ်ခုပါပဲ။ ဒီအသင်းကစားရတာ ကျွန်တော်ကြိုက်ပြီး ပွဲထွက်ခွင့်ရဖို့ မစောင့်နိုင်တော့ပါဘူး”

“ဒီမှာ ကစားခဲ့တဲ့ နာမည်ကျော်ကစားသမားအချို့ကို ကျွန်တော်သိပါတယ်။ ဘားကမ့်တို့၊ အွန်နရီတို့ ကာဇိုလာတို့၊ ဖာဘရီဂတ်စ်တို့လို စူပါစတားတွေ၊ ဂန္တဝင်တွေလိုမျိုးပါ။ ကျွန်တော် သူတို့အကြောင်း ကောင်းကောင်းသိပါတယ်။ သူတို့က ကွင်းထဲမှာ ဘာလုပ်ပြနိုင်လဲဆိုတာ ကောင်းကောင်းသက်သေပြထားနိုင်တဲ့ ကစားသမားတွေပါ” “ဒီအချိန်က ကျွန်တော် အသင်းပြောင်းရမယ့် အချိန်ကောင်းလို့ ခံစားရပါတယ်။ ဒီအတွက် ကျွန်တော် နောင်တရမှာမဟုတ်ပါဘူး။ ဒီမှာ ကစားရတော့မယ့်အတွက် စိတ်လှုပ်ရှားနေပါတယ်”လို့ ပြောခဲ့ပါတယ်။

အလားတူ ဗီအဲရာက လက်ရှိ အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်နဲ့ယှဉ်ရင် သူ့ရဲ့အားသာချက်က final thirdထဲ ဘောလုံး ပိုပေးနိုင်မှုဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #ဗီအဲရာ