ရှေ့သို့
Image

အင်္ဂလန်မှာ နူနက်ဇ်က အလုပ်နဲ့ သက်သေပြသွားလိမ့်မည်ဟု ဆွာရက်ဇ် ပြောဆို

3:54 PM, 21 June

ယခင်လီဗာပူး တိုက်စစ်မှူးဟောင်း၊ ဥရုဂွေးလက်ရွေးစင် လူးဝစ်ဆွာရက်ဇ်က ယခုနွေရာသီတွင် လီဗာပူးသို့ ပြောင်းရွှေ့လာသော နိုင်ငံ့အသင်းဖော်တိုက်စစ်မှူး ဒါဝင်နူနက်ဇ်နှင့် သူ့အကြား နှိုင်းယှဉ်မှုတွေကို ငြင်းဆန်ပယ်ချခဲ့သည်။

အန်ဖီးလ်ကလပ်သည် ဘင်ဖီကာ အသင်းတိုက်စစ်မှူး ဒါဝင်နူနက်ဇ်ကို ခေါ်ယူရန် ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၆၄ သန်းပေးချေခဲ့ရသည်။ လီဗာပူးအတွက် ၁၃၃ ပွဲကစားကာ ၈၂ ဂိုးသွင်းယူပေးခဲ့သော ဆွာရက်ဇ်က နူနက်ဇ် အနေဖြင့် အန်ဖီးလ်တွင် သူ၏ သမိုင်းသစ်ရေးထိုးရန် ပင်ကိုပါရမီအပြည့်ရှိနေကြောင်း The Mirror သတင်းဌာနနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

“လီဗာပူးမှာ နူနက်ဇ်က သူ့ရဲ့ကိုယ်ပိုင်သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူရေးဆွဲနိုင်ပါလိမ့်မယ်။ သူက ဥရုဂွေးသား တစ်ယောက်ဖြစ်သလို ရှေ့တန်းတိုက်စစ်မှူးတစ်ဦးဆိုပေမယ့် နှိုင်းယှဉ်ပြောဆိုနေတာတွေကို ရပ်လိုက်ဖို့ ပြောချင်ပါတယ်။ သူက စပါယ်ရှယ်ကစားသမားတစ်ဦးဖြစ်လို့ တစုံတဦးနဲ့ လိုက်နှိုင်းယှဉ်နေဖို့တောင် မလိုပါဘူး။ နူနက်ဇ်က ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးဆီမှာ သူ့ကို သင်ကြားပေးနိုင်တဲ့ ကစားသမားတွေနဲ့အတူ တကယ်ကိုကောင်းမွန်တဲ့ ပရိသတ်တွေအတွက် ကြီးကျယ်ခမ်းနားလှတဲ့ အသင်းတစ်ခုကို ကိုယ်စားပြုကစားပေးနိုင်ဖို့ လျှောက်လှမ်းနေပါတယ်”ဟု ဆွာရက်ဇ်က ဆိုသည်။

အသက် ၂၂ နှစ် အရွယ် ကစားသမားအတွက် အကြံပေးနိုင်မှုရှိ၊မရှိအပေါ် မေးမြန်းခဲ့ချိန် ဆွာရက်ဇ်က “အင်္ဂလန်ပြည်တွင်းလိဂ်တွေရဲ့ ကစားပုံတွေ၊ အင်္ဂလန်နိုင်ငံရဲ့ အကြောင်းတွေ ကျွန်တော် သူ့ကို အကြံပေးနိုင်ပါတယ်။ ဒါပေမယ့် သူဘာကို သိချင်နေလဲဆိုတာ ကျွန်တော်မသိပါဘူး။ နူနက်ဇ်က အလုပ်နဲ့ သက်သေပြသွားပါလိမ့်မယ်”ဟု ဆက်လက်ပြောဆိုသည်။

#လီဗာပူး #အင်္ဂလန် #လူးဝစ်ဒီရက်ဇ် #ဒါဝင်နူနက်ဇ်