ရှေ့သို့
Image

ဘွန်ဒက်စ်လီဂါသို့ မာနေး ရောက်ရှိလာမယ့်အပေါ် ဝမ်းသာအားရကြိုဆိုလိုက်တဲ့ ကာရီးယက်စ်

11:02 AM, 21 June

ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့လာရန် နီးစပ်နေပြီဖြစ်သည့် ဆာဒီယိုမာနေး၏ အပြောင်းအရွှေ့သည် ဂျာမန်ချန်ပီယံ အသင်းအတွက်သာမက ဘွန်ဒက်စ်လီဂါ အမှတ်ပေးပြိုင်ပွဲတစ်ခုလုံးအတွက် တန်ဖိုးမြှင့်တင်မှု တစ်ရပ် ဖြစ်လာလိမ့်မည်ဟု  မာနေး၏ လီဗာပူးအသင်းဖော်ဟောင်း ကာရီးယက်စ်က ပြောသည်။

အန်ဖီးလ်ကလပ်နှင့် စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိသော ဆီနီဂေါလက်ရွေးစင်ကစားသမားသည် ၂၀၂၂ ခုနှစ်အတွင်း ဆီနီဂေါနိုင်ငံအတွက် အာဖရိကနိုင်ငံများဖလားနှင့် ကမ္ဘာ့ဖလားဝင်ခွင့်ကိုလည်းကောင်း၊ လီဗာပူးအတွက် အက်ဖ်အေဖလားနှင့် ကာရာဘောင်းဖလားတို့ကိုလည်းကောင်း အောင်မြင်စေရန် အကောင်းဆုံးကူညီပေးခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း မာနေးအတွက် ဘိုင်ယန်မြူးနစ်၏ ယူရို ၄၁ သန်း(ပေါင် ၃၅.၂ သန်း)တန် ကမ်းလှမ်းမှုကို သဘောတူညီခဲ့ကြပြီးနောက် မာနေးသည် ဘိုင်ယန်မြူးနစ်သို့ ဆက်သွယ်လာဖို့ရှိနေသည်။ ၂၀၁၆ခုနှစ်တွင် မာနေးနှင့်အတူ အန်ဖီးလ်မြေသို့ ခြေချလာခဲ့သော ဂိုးသမားကာရီးယက်စ်က အသက်-၃၀ နှစ် အရွယ် တိုက်စစ်သမားသည် အလိုင်းယန့်အရီနာ ကွင်းတွင် အခြေမကျစရာ မည်သည့်အကြောင်းပြချက်မှ မရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။

“ဘိုင်ယန်မြူးနစ်အတွက် တကယ့်ကိုရူးလောက်စရာ အပြောင်းအရွှေ့တစ်ခုဖြစ်လာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ မာနေးက လီဗာပူးရဲ့ထိပ်တန်းကစားသမားတွေထဲက တစ်ယောက် ဖြစ်နေလို့ပါ။ တကယ်လို့ ဘိုင်ယန်မြူးနစ်သာ သူ့လိုကစားသမားမျိုး တစ်ယောက်ကို အရခေါ်ယူနိုင်ဖို့ စွမ်းဆောင်ပြနိုင်မယ်ဆိုရင် မင်းအနေနဲ့ ဘိုင်ယန်မြူးနစ်ကိုသာမက ဘွန်ဒက်လီဂါကိုပါ ဂုဏ်ပြုပေးရမှာပါ။ သူက ဂျာမန်လိဂ်ရဲ့ နောက်ထပ် ကြယ်ပွင့်တစ်လုံးဖြစ်သလို  ဒါကြောင့်ပဲ ကျွန်တော့်အနေနဲ့ ဘွန်ဒက်လီဂါအတွက် အရမ်းဝမ်းသာရပါတယ်။ သူက အရမ်းတည်ကြည်သလို နှိမ့်ချတက်တဲ့လူစားမျိုးပါ။ ရက်ဒ်ဘူးဆဲလ်ဘတ်မှာ သူကစားခဲ့ချိန်ကလည်း ဂျာမန်စကားတော်တော်လေး ပြောပါတယ်။ ကျွန်တော် သူနဲ့အတူ ရင်းရင်းနှီးနှီးဆက်ဆံခဲ့ဖူးပါတယ်၊ အမှန်တကယ်တော့ လူတိုင်းပါပဲ။ သူ ဂျာမနီကိုလာသင့်ပါတယ်။ ဒီနေရာမှာဆိုရင် မာနေးအတွက် အသားမကျစရာ ဘာမှမရှိပါဘူး”ဟု ကာရီးယက်စ်က ဆိုသည်။

ယခုလအစောပိုင်းတွင် ကာရီးယက်စ်မှာလည်း လီဗာပူးနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အန်ဖီးလ်မှ ထွက်ခွာလာပြီး အခြေချကစားမည့် အသင်းသစ်ကို ရှာဖွေနေကြောင်း ထုတ်ဖော်ပြောဆိုသည်။

#လီဗာပူး #ကာရီးယက်စ် #မာနေး #ဘိုင်ယန်မြူးနစ် #ဘွန်ဒက်စ်လီဂါ