ရှေ့သို့
Image

ဒဏ်ရာရရှိထားတဲ့ကြားကပင် မိုဆာလက်က ချန်ပီယံလိဂ်ဗိုလ်လုပွဲပါဝင်ကစားခဲ့သည်ဟု အီဂျစ်အသင်းဆရာဝန် ပြောဆို

12:59 PM, 19 June

ရီးရဲလ်မက်ဒရစ်နှင့် ပဲရစ်မြို့ချန်ပီယံလိဂ်ဗိုလ်လုပွဲကစားချိန်အတွင်း မိုဆာလက်တွင် ဒဏ်ရာပြဿနာတစ်ခု ရှိနေခဲ့သည်ဟု အီဂျစ်လက်ရွေးစင်အသင်းဆရာဝန်က ပြောဆိုသည်။


လီဗာပူးအဓိကတိုက်စစ်မှူးမိုဆာလက်သည် မေ ၁၄ ရက်၊ ချဲလ်ဆီးနှင့် အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ကြွက်သားဒဏ်ရာရရှိပြီးနောက် အနီးစပ်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲကို လွဲချော်ခဲ့သည်။


အီဂျစ်လက်ရွေးစင်သည် လီဗာပူးက ၀ုဗ်ကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့သော အန်ဖီးလ်ပွဲစဉ်တွင် လူစားဝင်ကစားသမားအဖြစ် အသင်းအတွက် ပါဝင်ကစားပေးပြီးနောက် မေ ၂၈ ရက်၊ ပဲရစ်မြို့ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့သည်။ သို့သော် ယင်းပွဲစဉ်တွင် ရီးရဲလ်မက်ဒရစ်က ဗီနီစီးယက်စ်၏ ဒုတိယပိုင်းသွင်းဂိုးဖြင့် လီဗာပူးကို အနိုင်ရရှိခဲ့ရာ အီဂျစ်စတားအနေဖြင့် ဖလားကိုင်မြှောက်ခွင့် မရရှိခဲ့ပေ။ ထို့နောက် ဇွန် ၅ ရက်တွင် ဂူနီယာနှင့် ရင်ဆိုင်ရသော အာဖရိကနိုင်ငံများဖလားခြေစစ်ပွဲကိုလည်း မိုဆာလက်က အီဂျစ်အသင်းကို ဦးဆောင်၍ ယှဉ်ပြိုင်ကစားခဲ့သည်။


အီဂျစ်လက်ရွေးစင်အသင်းဆရာဝန် အဘူအယ်လ်အီလာက " မိုဆာလက်ရဲ့ ကြွက်သားဒဏ်ရာက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ပေါ်ပေါက်လာတာပါ။ သူက ၀ုဗ်နဲ့ပွဲကိုလည်း ကစားခဲ့သလို ချန်ပီယံလိဂ်ဖိုင်နယ်လည်း ကစားခဲ့ပါတယ်။ ဒါတွေအားလုံးက ၁၄ ရက်ဆိုတဲ့ အချိန်အတိုင်းအတာလေးအတွင်းမှာပဲ ဖြစ်ပါတယ်။


ကျွန်တော်တို့အနေနဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာမှတ်တမ်းတွေကို ကလပ်အသင်းတွေနဲ့ အပြန်အလှန်ပေးပို့ကြရပါတယ်။ မိုဆာလက်နဲ့ပတ်သက်ပြီး လီဗာပူးက ကစားသမားအနေနဲ့ နာကျင်မှုကို ခံစားနေရပြီး ဓါတ်မှန်ရိုက်သင့်တယ်လို့ ပြောလာပါတယ်။ ရာနှုန်းပြည့်ကြံ့ခိုင်မှုမရသေးတဲ့ ကစားသမားတစ်ယောက်လို အနေအထားပါ။ ဒါပေမယ့် စွန့်စားမှုတွေမရှိဘဲ သူကစားနိုင်မလားဆိုတဲ့ မေးခွန်းတစ်ခု ရှိလာပါတယ်။


လီဗာပူးကတော့ တစ်ပွဲလောက်ကစားတာဆို အဆင်ပြေနိုင်တယ်လို့ ပြောလာတော့ ကျွန်တော်တို့က ဂူနီယာနဲ့ပွဲစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ အီသီယိုပီးယားနဲ့ဆက်ကစားရမယ့် ဒုတိယပွဲစဉ်က ခရီးရှည်ကြီးသွားလာရမှာဖြစ်လို့ မိုဆာလက်အတွက် ခက်ခဲစေနိုင်လို့ပါ။ သူက ဂူနီယာနဲ့ပွဲအပြီး သုံးရက်အကြာ နောက်ထပ်တစ်ပွဲကိုတော့ မကစားနိုင်ခဲ့ပါဘူး"ဟု ဆိုသည်။


ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီတွင် မိုဆာလက်သည် လီဗာပူးအတွက် ၄၀၁၃ မိနစ်ကစားပေးခဲ့ပြီး အလီဆင် (၄၈၉၀ မိနစ်)၊ ဗန်ဒိုက် (၄၆၂၀ မိနစ်)၊ အာနိုးလ် (၄၂၃၃ မိနစ်)တို့ပြီးနောက် ယာဂင်ကလော့ပ်အသင်းအတွက် စတုတ္ထမြောက်ပွဲကစားချိန်အများဆုံးကစားသမား​ ဖြစ်လာခဲ့သည်။


အလားတူ ပြီးခဲ့သည့်ဘောလုံးရာသီတွင် အီဂျစ်စတားသည် အန်ဖီးကလပ်အတွက် ၅၁ ပွဲကစားပေးခဲ့ရာတွင် ၄၅ ပွဲမှာ ပွဲထွက်ပါဝင်ခြင်းဖြစ်ပြီး ၃၁ ဂိုးသွင်းယူ၍ ၁၅ ကြိမ် ဂိုးဖန်တီးပေးခဲ့သော စွမ်းဆောင်ရည်ပိုင်းနှင့်အတူ လီဗာပူးအတွက် အက်ဖ်အေဖလားနှင့် ကာရာဘောင်းဖလားတို့ကို ဆွတ်ခူးနိုင်ရေး၊ ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင်လည်း အနီးစပ်ဆုံးအခြေအနေထိ ရောက်ရှိခဲ့ခြင်းတို့အတွက် ကူညီပေးခဲ့သည်။


#အီဂျစ် #ဆာလက် #နေးရှင်းလိဂ်