ရှေ့သို့
Image

တော့တင်ဟမ်ကို ပြောင်းရွှေ့လာပြီးနောက် ငယ်ဘ၀အိပ်မက်ပြည့်ခဲ့ပြီလို့ ထုတ်ပြောလာတဲ့ ဘစ်ဆူးမား

2:43 PM, 18 June

တော့တင်ဟမ်ကစားသမားသစ် ဘစ်ဆူးမားက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကစားခွင့်ရရှိရရေး အပြင်းအထန်ကြိုးစားအားထုတ်သွားမည်ဟု ပြောဆိုသည်။

ဘရိုက်တန်မှ တော့တင်ဟမ်သို့ ပေါင် ၂၅ သန်းတန်လေးနှစ်စာချုပ်ဖြင့်ပြောင်းရွှေ့လာသော ဘစ်ဆူးမားသည် လာမည့်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ရထားသော ကွန်တီ၏ အသင်းအတွက် ယခုအပြောင်းအ​ရွှေ့ကာလတွင် တတိယမြောက်ခေါ်ယူခဲ့သော ကစားသမားဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်ဘောလုံးရာသီတွင် မြောက်လန်ဒန်ဒါဘီပြိုင်ဘက် အာဆင်နယ်ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိခဲ့ပြီးနောက် တော့တင်ဟမ်နည်းပြကွန်တီက အသင်းကိုပြန်လည်တည်ဆောက်ဖို့ တပည့်ဟောင်း ပါရီဆစ်၊ ဂိုးသမားဖော်စတာတို့ကို လန်ဒန်ကလပ်ဆီ ခေါ်ယူခဲ့သည်။ ဘစ်ဆူးမားသည်လည်း ပြီးခဲ့သည့်ဘောလုံးရာသီတွင်  ဘရိုက်တန်အတွက် ၂၆ ပွဲပါဝင်ကစားပေးခဲ့ပြီး ဘရိုက်တန်မှာလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားတွင် အဆင့်(၉)နေရာဖြင့် ရာသီသိမ်းနိုင်ခဲ့သည်။

"တော့တင်ဟမ်ကစားသမားတစ်ယောက်အဖြစ် ဒီနေရာကိုရောက်ရှိလာခဲ့တဲ့အတွက် ကျွန်တော်အရမ်းပျော်ရွှင်မိပါတယ်။ ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အားလုံးသိထားကြတဲ့အတိုင်း ပရီးမီးယားလိဂ်ဆိုတာ မလွယ်ကူပါဘူး။ အမြင့်ဆုံးရည်မှန်းချက်ကို ရောက်ရှိဖို့ ကျွန်တော်တို့ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားသွားရမှာပါ။ ကျွန်တော်တို့ဟာ အသင်းကောင်းတစ်သင်းဖြစ်သလို နည်းပြကောင်းတစ်ယောက်လည်း ရရှိထားပါတယ်။ သူရဲ့လမ်းညွှန်မှုနဲ့အတူ ကျွန်တော်ခြေစွမ်းပိုကောင်းလာနိုင်တယ်ဆိုတာကို ကျွန်တော် သိပါတယ်။ ကျွန်တော်ဖြစ်ချင်တာကို ဖြစ်လာစေဖို့  သူကူညီမယ်ဆိုတာ ကျွန်တော်သိသလို အသင်းကိုကူညီဖို့ကိုလည်း အကောင်းဆုံးကြိုးစားသွားမှာပါ"

"ကျွန်တော် ကွန်တီနဲ့လက်တွဲခွင့်ရတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပါတယ်။ ချန်ပီယံလိဂ်ကစားဖို့ဆိုတာ ကျွန်တော့်ရဲ့ငယ်ဘ၀အိပ်မက်ပါ။ ငယ်ငယ်တုန်းက ချန်ပီယံလိဂ်ပွဲတွေကို စောင့်ကြည့်ဖြစ်ခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်။ တော့တင်ဟမ်နဲ့အတူ ချန်ပီယံလိဂ်ကစားခွင့်ရလာတာကို ကျွန်တော် ယုံတောင် မယုံနိုင်ခဲ့ပါဘူး။ အိုင်ဗရီကို့စ်က အဖေ့ရဲ့ ဇာတိရွာမှာ ကျွန်တော်မွေးဖွားခဲ့တာပါ။ ငယ်ငယ်တုန်းကဆိုရင် ဘောလုံးက ကျွန်တော့်ဘ၀ပဲ။ အချိန်တိုင်း၊နေ့တိုင်းကို ဘောလုံးကန်ချင်နေတာပါ။ ဘောလုံးမကန်ရရင် ကျွန်တော်မပျော်ဘူး။ ကျွန်တော့်သူငယ်ချင်းတွေနဲ့ လမ်းပေါ်မှာ ဖိနပ်မပါဘဲ ဘောလုံးကန်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲ့ဒီအခိုက်အတန့်မှာ ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းတွေ ပျော်ရွှင်ခဲ့ကြပါတယ်။ အဲ့ဒါက ကျွန်တော့်ဘ၀ရဲ့ အစိတ်အပိုင်းပဲ။ ကျွန်တော် အလွန်ပျော်ရွှင်ခဲ့ဖူးပါတယ်။ ချန်ပီယံလိဂ်တေးသွားလေးကို စိတ်ကူးရင်းနဲ့ အိုင်ဗရီကို့စ်ရဲ့  အစ်ဆီယာမြို့နေ တော့တင်ဟမ်ဆီကို ရောက်လာခဲ့ပါပြီ။ စိတ်လှုပ်ရှားမှုတွေ အများကြီးနဲ့ပေါ့"ဟု  ဘစ်ဆူးမားက ပြောသည်။

#တော့တင်ဟမ် #အပြောင်းအရွှေ့ #ဘစ်ဆူးမား