ရှေ့သို့
Image

လူကာကူ၏ အပြောင်းအရွှေ့နှင့် စပ်လျဉ်း၍ နောက်ဆုံး အခြေအနေကို ထုတ်ပြောလာတဲ့ အင်တာစီအီးအို

3:58 PM, 17 June

အင်တာမီလန်စီအီးအို အလက်ဇန်ဒရို အန်တိုနယ်လ်လိုက ယခုနွေရာသီအပြောင်းအရွှေ့ကာလတွင် ချဲလ်ဆီး တိုက်စစ်မှူးလူကာကူ အတွက် စီးရီးအေ ကလပ်၏ လှုပ်ရှားမှုနှင့်စပ်လျဉ်း၍ နောက်ဆုံးအခြေအနေကို ထုတ်ပြောခဲ့သည်။

အသက် ၂၉ နှစ်အရွယ် ကစားသမား၏ အပြောင်းအရွှေ့အတွက် ချဲလ်ဆီးနှင့် အင်တာတို့ တရားဝင်ဆွေးနွေးမှု များရှိခဲ့သော်လည်း အငှားခေါ်ယူကြေး ယူရို ၅ သန်းဖြင့် ပထမအကြိမ်ကမ်းလှမ်းလာမှုအပေါ် ချဲလ်ဆီးက ပယ်ချခဲ့ပြီး အနည်းဆုံး အငှားခေါ်ယူကြေး ယူရိုသန်း ၂၀ ရရှိမှသာ လူကာကူကို အငှားချထားဖို့ လန်ဒန်ကလပ်က စိတ်ဝင်စားမည်ဟု သတင်းများက ဖော်ပြကြသည်။

လူကာကူအနေဖြင့်လည်း ယခုအချိန်တွင် ချဲလ်ဆီးမှ ထွက်ခွာရန်သာ ဆုံးဖြတ်ခဲ့သလို အသင်း အကြီးအကဲများထံလည်း သူ၏ ဆန္ဒကို တရားဝင်တင်ပြထားပြီး ချဲလ်ဆီးနည်းပြ တူချယ်ကလည်း လူကာကူ၏ အပြောင်းအရွှေ့ကို သဘောတူညီထားကြောင်း သတင်းများအရ သိရသည်။ ထို့ကြောင့် လူကာကူ၏ အသင်းဟောင်း အင်တာမီလန်သို့ ပြန်လာနိုင်ရေးအိပ်မက် ပြည့်မြောက်ဖို့ နီးစပ်နေသော လက်ရှိကာလတွင် အင်တာမီလန် အသင်းဘက်က ကစားသမား၏ အပြောင်းအရွှေ့အတွက် နောက်ဆုံးအခြေအနေတစ်ရပ်ကို ယခုလို ထုတ်ပြောလာခဲ့သည်။

အင်တာမီလန်စီအီးအို အန်တိုနယ်လ်လိုက “လူကာကူနဲ့ ဒိုင်ဘားလား နှစ်ယောက်စလုံးကို ခေါ်ယူဖို့လား ? ကျွန်တော်တို့အတွက်တော့ ကွင်းထဲက ပြိုင်ဆိုင်မှုနဲ့ စီးပွားရေး-ဘဏ္ဍာရေးတည်ငြိမ်မှုကို ပေါင်းစပ်ဖို့ကသာ အဓိကကျတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါကို လုပ်နေသလို ကလပ်ရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေက ဒီမူနှစ်ချက်ပေါ်မှာ ဆက်လက်ရွေ့လျားနေပါတယ်။ ကျွန်တော်တို့က ယူအီးအက်ဖ်အေရဲ့ FFP စည်းမျဉ်းကို လိုက်နာလိုပါတယ်။ လူကာကူက အင်တာမီလန်ကို ပြန်လာဖို့ အကြီးအကျယ်ဆန္ဒရှိနေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဆန်းစစ်ဖို့ လိုအပ်တဲ့အရာတွေကတော့ အသင်းရဲ့ စီးပွားရေး၊ ဘဏ္ဍာရေး ဖြစ်နိုင်ချေတွေနဲ့ နည်းပညာဆိုင်ရာ အခက်အခဲအချို့ကို အဖြေရှာခြင်းပဲ ဖြစ်ပါတယ်။ သို့သော်လည်း ဒါတွေကို ဒေါက်တာမာရော့တာ(အင်တာဒုဥက္ကဋ္ဌ)ကိုသာ သွားမေးကြည့်ကြပါ”ဟု ပြောဆိုသည်။

#ချဲလ်ဆီး #အင်တာမီလန် #အပြောင်းအရွှေ့ #လူကာကူ