ရှေ့သို့
Image

အာဆင်နယ် အသင်းက ခေါ်ယူလိုက်တဲ့ ပေါ်တိုကြယ်ပွင့် ဖေဘီယို ဗီအဲရာဆိုတာ ဘယ်သူလဲ

12:47 PM, 17 June

အာဆင်နယ်အသင်း ယမန်နေ့ညက ပေါ်တိုကွင်းလယ်တိုက်စစ်ကစားသမား ဖေဘီယို ဗီအဲရာကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဆိုပြီး သတင်းတွေတက်လာတော့ ပရိသတ်တွေအားလုံး surprise ဖြစ်သွားကြပါတယ်။

ဂျီးဆပ်စ်၊ တိုင်လေမန်းစ်၊ ရာဖင်ဟာတို့နဲ့ သတင်းတွေထွက်နေတဲ့ အာဆင်နယ်က ပရိသတ်အများစု သတိမထားမိတဲ့ ကစားသမားတစ်ဦးကို ရုတ်တရက်ကြီး ခေါ်ယူလိုက်တာပါ။ ဒါပေမဲ့ ပေါ်တူဂီလိဂ်ကို စောင့်ကြည့်သူ၊ ယမန်နှစ်ရာသီ ချန်ပီယံလိဂ် လီဗာပူးနဲ့ပွဲစဉ်မှာ ခြေစွမ်း မြင်ဖူးသူတွေ၊ ဘောလုံးမန်နေဂျာ ဂိမ်းကစားသူ၊ PES၊ FIFA ကစားသူတွေကတော့ ဒီကစားသမားနဲ့ မစိမ်းလောက်ဘူးလို့ ပြောရမှာပါ.

ဖေဘီယိုဟာ ပေါ်တိုမှာ ကစားနေတဲ့ အသက်၂၂နှစ်အရွယ် ကွင်းလယ်တိုက်စစ် ကစားသမား၁ဦး ဖြစ်ပါတယ်။ ဘယ်ခြေအားသန်ကစားသမားဖြစ်ပြီး ယမန်နှစ်ရာသီက ပြိုင်ပွဲစုံ ၃၉ပွဲမှာ ၇ ဂိုးသွင်းကာ ၁၆ ဂိုး ဖန်တီးခဲ့ပါတယ်။ ပျမ်းမျှအနေနဲ့ မိနစ်၉၀တိုင်း ဝ.၉  ဖန်တီးမှု ပြုလုပ်ထားတာကို မြင်ရပါတယ်။

ဖေဘီယိုဟာ ပေါ်တိုအကယ်ဒမီက ထွက်လာတာဖြစ်ပြီး ၂၀၂၀ခုနှစ် အောက်တိုဘာလ ၆ရက်နေ့မှာ အသင်းကြီး အတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အဆိုပါရာသီအတွင်း ပေါ်တိုအတွက် ၈ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၂ဂိုးသွင်းကာ ၁ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ပထမ၂ရာသီမှာ ပေါ်တိုက ဖေဘီယိုကို တောင်ပံမှာ အသုံးပြုပြီး အထူးသဖြင့် ညာတောင်ပံထုတ်ကစားလေ့ ရှိပါတယ်။

ယမန်နှစ်ရာသီမှာတော့ ဖေဘီယိုတစ်ယောက် ကွင်းလယ်တိုက်စစ် ကစားနိုင်တယ်ဆိုတာ သက်သေပြခဲ့တာကြောင့် ကွင်းလယ်တိုက်စစ်ပိုင်းကို ပိုမိုကစားခွင့်ရလာခဲ့ပါတယ်။ ဖေဘီယိုက ယမန်နှစ်ရာသီအတွင်း ကွင်းလယ်တိုက်စစ်၊ ညာတောင်ပံ၊ ဘယ်တောင်ပံ၊ ကွင်းလယ်အထိုင်နဲ့အတူ ဘယ်နောက်ခံလူအဖြစ်ပါ ဘက်စုံကစားခဲ့ရပါတယ်။

အာဆင်နယ်ကတော့ ဖေဘီယိုကို ယူရို ၃၅သန်း+အပိုဆုကြေးတွေနဲ့ ခေါ်ယူဖို့ သဘောတူထားခဲ့တာဖြစ်ပြီး ၂၀၂၇ခုနှစ်ထိ စာချုပ် ချုပ်ထားတာကြောင့် ဘာလုပ်ပြနိုင်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ ကွင်းလယ်ဖန်တီးရှင်အဖြစ် ဖေဘီယိုဟာ ယမန်နှစ်ရာသီ ၁၃၂၉မိနစ် ကစားရာမှာ ၁၄ဂိုး ဖန်တီးထားနိုင်ခဲ့ပြီး အဆိုပါ ပမာဏက ၉၄မိနစ်ကို ဖန်တီးမှု၁ကြိမ် ပြုလုပ်နေတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

အလားတူ ပေါ်တူဂီသားဟာ ယမန်နှစ်ရာသီ မိနစ်၉၀ကို ပျမ်းမျှ အဓိကပေးပို့မှု ၂.၃ကြိမ်အထိ ပြုလုပ်ထားနိုင်တာကြောင့် သူ့ရဲ့ ဘောလုံးအမြင်နဲ့ ပေးပို့မှုတွေကို ခံစစ်မှူးတွေ မျက်စိလျင်လျင်ထားပြီး စောင့်ကြည့်ဖို့ လိုနေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် အဝေးဘောပေးရတာလည်း ကြိုက်နှစ်သက်သူ၁ဦးဖြစ်ပြီး ၁ပွဲပျမ်းမျှ အဝေးဘောပေးပို့မှု ၁.၈ ကြိမ် အောင်မြင်ခဲ့ပါတယ်။

ဖေဘီယိုဟာ ဘောလုံးအပေးအယူကောင်းရုံတင်မကဘဲ အဆုံးသတ်လည်း ကောင်းမွန်သူ၁ဦး ဖြစ်ပါတယ်။ အဝေးကန်ချက်တွေကို ခြေ၂ဖက်စလုံးနဲ့ ပြုလုပ်နိုင်ပြီး ပါဝါရော တိကျမှုပါ အလွန်ကောင်းမွန်တဲ့ ကစားသမား၁ဦးပါ။ ဖေဘီယိုဟာ တည်ကန်ဘော စပယ်ရှယ်လစ်တစ်ဦးလည်း ဖြစ်ပြီး dead ballပေးရာမှာလည်း ကောင်းမွန်ပေမဲ့ အကောင်းဆုံး စွမ်းဆောင်ရည်၁ခုက တစ်ဦးချင်းကျော်ဖြတ်မှုနဲ့ ဘောလုံးထိန်းသိမ်းပုံ ကောင်းမွန်မှုပဲ ဖြစ်ပါတယ်။

ပြိုင်ဘက်ကို အေးဆေးဆေးပဲ လျင်မြန်တဲ့ လှုပ်ရှားမှုတွေနဲ့ ကျော်ဖြတ်ပြခဲ့တာကို စကေးဗီဒီယိုတွေမှာလည်း မြင်နိုင်ပါတယ်။ ယမန်နှစ်ရာသီက ပေါ်တူဂီလိဂ်မှာ ဂိုးဖန်တီးမှု ၁၄ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပြီး လိဂ်ရဲ့ ဂိုးဖန်တီးမှုအများဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

အာဆင်နယ်မှာတော့ ဘယ်နေရာမှာ ကစားရမယ်၊ ပရီးမီးယားလိဂ်နဲ့ အံဝင်ပါ့မလား ဆိုတာ မသိရသေးပေမဲ့ ဂန်းနားတွေအနေနဲ့ အနာဂတ်မှာ အလားအလာရှိနေတဲ့ ကျောက်ရိုင်းတုံတစ်တုံး ရလိုက်တယ်ဆိုတာတော့ သေချာပေါက်ပြောနိုင်ပါတယ်။

#အယ်ဒီတာအကြိုက် #အာဆင်နယ် #ဗီအဲရာ #ပေါ်တို