ရှေ့သို့
Image

မက်ပီ၏ အပြောင်းအရွှေ့နှင့် စပ်လျဉ်း၍ ပထမဆုံးအကြိမ်ဖွင့်ဟလာသည့် ပီရက်ဇ်

2:04 PM, 16 June

မက်ပီနှင့် ပီအက်စ်ဂျီတို့အကြား စာချုပ်သစ်တစ်ရပ် ချုပ်ဆိုခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က စပိန်ထိပ်သီးကလပ်နှင့် ပြင်သစ်စတားတို့အကြား အပြောင်းအရွှေ့ဖြစ်လုနီးပါး အခြေအနေအပေါ် သုံးသပ်ပြောဆိုခဲ့သည်။

El Chiringuito သတင်းဌာနနှင့် အင်တာဗျူးအစီအစဉ်တွင် ပီရက်ဇ်က မက်ပီအနေဖြင့် ရီးရဲလ်သို့ပြောင်းရွှေ့ရန် ဖြစ်နိုင်ခြေတစ်ခုအကြောင်း ပြောဆိုခဲ့ပြီး သူသိသော မက်ပီမှာ ဘာနေဗျူးသို့ပြောင်းရွှေ့လာချင်သည့် ဆုံးဖြတ်ချက်အပေါ် ပြင်ဆင်တက်သူမဟုတ်ကြောင်း ထုတ်ပြောခဲ့သည်။

“သူရဲ့အိပ်မက်က ရီးရဲလ်မက်ဒရစ်မှာ ကစားဖို့ ဖြစ်ခဲ့ပါတယ်။ ဒီအိပ်မက်ကို အကောင်အထည်ဖော်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ကျွန်တော်တို့ လုပ်ဆောင်ခဲ့ပေမယ့် ပီအက်စ်ဂျီက ကစားသမားကို ထွက်ခွာခွင့် မပေးခဲ့ဘူး။ သူစိတ်ကူးမပြောင်းခင် ၁၅ ရက်လောက်အလိုအထိ မက်ပီက ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးချင်တယ်ဆို တာကို တောက်လျှောက်ပြောနေတုန်းပဲ။ ဒီမက်ပီက ကျွန်တော်တို့ ခေါ်ယူချင်တဲ့ မက်ပီမဟုတ်ဘူး။ ဒါက အိပ်မက်ကို အပြောင်းအလဲလုပ်ခဲ့တဲ့ အခြားသူတစ်ယောက်ဖြစ်ပါတယ်။ မက်ပီက ပြောင်းလဲသွားခဲ့ပြီး အခြားအရာတွေ တောင်းဆိုလာတယ်၊ ဖိအားတွေ ပေးလာတယ်။ ပြီးတော့ သူက တခြားကစားသမားတစ်ယောက်ဖြစ်သွားပါပြီ။ ရီးရဲလ်မက်ဒရစ်မှာက ကလပ်အသင်းရဲ့အထက်မှာ ဘယ်သူမှ မရှိစေရပါဘူး။ သူက တကယ့်ကစားသမားကောင်း တစ်ယောက်ဖြစ်လို့ အခြားသူတွေထက် ပိုအနိုင်ရနိုင်ပါတယ်။ ဒါပေမယ့် ဘောလုံးဆိုတာ စုပေါင်းကစားရတဲ့ အားကစားဖြစ်လို့ ကျွန်တော်တို့ရဲ့ တန်ဖိုးတွေနဲ့ စည်းမျဉ်းတွေကို အပြောင်းအလဲလုပ်လို့ မရပါဘူး”ဟု ပီရက်ဇ်က ဆိုသည်။

ပီအက်စ်ဂျီနှင့် မက်ပီတို့၏ စာချုပ်သစ်အရ ကစားသမားသည် တစ်ပတ်လုပ်ခလစာ ပေါင် ၆၅၀,၀၀၀ ဖြင့် ၂၀၂၅ ခုနှစ်အထိ ပြင်သစ်ကလပ်တွင် ဆက်ရှိနေမည်ဖြစ်သည်။ ထို့ပြင် မက်ပီသည် ပုံရိပ်အသုံးပြုခွင့် အခွင့်အရေးကို အလုံးစုံထိန်းချုပ်ခွင့်ရရှိခဲ့သလို လက်မှတ်ထိုးကြေးအဖြစ် ပေါင် ၁၂၆ သန်းကို ရရှိခဲ့သည်။ ပီရက်ဇ်က သူသိရှိထားသော မက်ပီသည် ပီအက်စ်ဂျီတွင် ဆက်နေဖို့ထက် လာလီဂါနှင့်ချန်ပီယံလိဂ်တို့ကို အနိုင်ရခဲ့သော အသင်းထံ ပြောင်းရွှေ့လိုသူဖြစ်ကြောင်း ဆက်လက်ပြောဆိုခဲ့သည်။

“ဒီအသင်းကို ပြောင်းရွှေ့ဖို့ ရောက်လာခဲ့တဲ့ မက်ပီက အခုလက်ရှိတစ်ယောက်တော့မဟုတ်ဘူး။ အကယ်၍ အခုတစ်ယောက်ဆိုရင်တော့ ပီအက်စ်ဂျီမှာပဲ ဆက်နေဖို့ ကျွန်တော်အကြုံပြုလိုက်မှာပဲ။
ကျွန်တော် လိုချင်တာက အိပ်မက်တွေနဲ့ ပြည့်နှက်နေတဲ့ မက်ပီပါ။ သုံးနှစ်အတွင်း မဖြစ်နိုင်ဘူး၊ ဟုတ်လား? အဲ့ဒီ သုံးနှစ်(၂၀၂၅ခုနှစ်)လောက်ဆိုရင် ကျွန်တော်တို့အားလုံး ထိပ်တွေပြောင်ပြီး အိုနေလောက်ပါပြီ။ အခုမက်ပီက ကျွန်တော့်မက်ပီ မဟုတ်ဘူး”ဟု ပီရက်ဇ်က ဆက်လက်ပြောဆိုသည်။

#ပီအက်စ်ဂျီ #အပြောင်းအရွှေ့ #ပီရက်ဇ် #မက်ပီ