ရှေ့သို့
Image

နူနက်ဇ်က ဟာလန်းထက် ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိသူဟု နည်းပြဟောင်း ထုတ်ပြောလာ

11:09 AM, 16 June

ဒါဝင်နူနက်ဇ်၏ နည်းပြဟောင်း တစ်ဦးက လီဗာပူးတိုက်စစ်မှူးသစ်သည် မန်စီးတီးက ခေါ်ယူခဲ့သော ဟာလန်းထက် ပို၍ ပြောင်းလွယ်ပြင်လွယ်ရှိသူတစ်ဦးဖြစ်ကြောင်း ထုတ်ပြောလာခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့တွင် ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့အခြေစိုက် ဘင်ဖီကာက အသင်းတိုက်စစ်မှူး နူနက်ဇ်သည် ပြောင်းရွှေကြေး ပေါင် ၆၄ သန်း(ယူရို ၇၅ သန်း)+အပိုထပ်ဆောင်းဆုကြေး ပေါင် ၂၁.၄သန်း (ယူရို ၂၅ သန်း) ဖြင့် လီဗာပူးသို့ ပြောင်းရွှေ့ပြီဟု သတင်းထုတ်ပြန်သည်။

ဥရုဂွေးတိုက်စစ်သမားသည် ပြီးခဲ့သည့်ရာသီတွင် ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၄၁ ပွဲကစား၊ ၃၄ ဂိုး သွင်းယူပေးခဲ့သည်။ အလားတူ လီဗာပူး၏ ပရီးမီးယားလိဂ်ချန်ပီယံဆုပြိုင်ဘက် မန်စီးတီးကလည်း ဒေါ့မွန်အတွက် နှစ်ရာသီခွဲကြာ ကစားခဲ့သည့်ကာလအတွင်း ၈၉ ပွဲကစား၊ ၈၆ ဂိုးသွင်းယူပေးခဲ့သော နော်ဝေလက်ရွေးစင်တိုက်စစ်မှူးကို ခေါ်ယူခဲ့သည်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ဆီဂန်ဒါတွင် အယ်လ်မီရီယာကစားသမားအဖြစ် နူနက်ဇ်က ၃၂ ပွဲကစားကာ ၁၆ ဂိုး သွင်းယူပေးပြီးနောက် ရာသီကုန်တွင် လစ္စဘွန်းမြို့အခြေစိုက်ကလပ်သို့ ပြောင်းရွှေ့ခဲ့သည်။ အဆိုပါဘောလုံးရာသီတွင် အယ်လ်မီရီယာအသင်းလက်ထောက်နည်းပြတာဝန်ယူခဲ့သူ ဒေးဗစ်ဘာဒီယာက နူနက်ဇ်သည် ဟာလန်းနှင့်မတူကွဲပြားသော ကစားပုံရှိသူတစ်ဦးဖြစ်ပြီး လီဗာပူး၌ လျင်မြန်စွာ အသားကျနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပြောဆိုသည်။

“သူတို့နှစ်ယောက်က တူညီကြတယ်လို့ ကျွန်တော်မပြောလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ နူနက်ဇ်က နည်းနည်းလေးပိုပြီးတော့ ပြောင်းလွယ်ပြင်လွယ်ရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ သူက ဘောလုံးလမ်းကြောင်းကို ပြောင်းလဲတဲ့နေရာမှာ ဟာလန်းထက် နည်းနည်းပိုမြန်တဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ခွန်အားသုံးကစားတဲ့ နေရာမှာတော့ ဟာလန်းက နည်းနည်းလေးပိုသာကောင်း သာနိုင်ပါတယ်။ သူပြေးလွှားနေတဲ့အချိန်ဆို ရှေ့မှာရှိနေတဲ့ အရာအားလုံးကို ချိုးဖျက်တော့တာပဲ။ နူနက်ဇ်ကတော့ ဘောလုံးလမ်းကြောင်းပြောင်းတဲ့နေရာမှာ ပိုမြန်တယ်လို့ ကျွန်တော်ယူဆပါတယ်။ လီဗာပူးကစားပုံစတိုင် အတွက် လုံးဝကို ကွက်တိဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်”ဟု ဘာဒီယာက ဆိုသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် အယ်လ်မီရီယာမှထွက်ခွာခဲ့ပြီး ဆိုက်ပရက်စ်ကိုတာဝန်ယူကိုင်တွယ်နေသော ဘာဒီယာက နူနက်ဇ်သည် အန်ဖီးလ်ကစားသမားဘဝတွင် ဘော်လွန်းဒီအောဆုအတွက် မျှော်လင့်နိုင်သူတစ်ဦး ဖြစ်လာဖွယ်ရှိကြောင်း သုံးသပ်ခဲ့သည်။

နူးနက်ဇ်က အနာဂတ်ဘလွန်းဒီအော်ဆုအတွက် ဟာလန်းနှင့် မက်ပီတို့ကို စိန်ခေါ်နိုင်သူဖြစ်လာမလားဆိုသည့် မေးခွန်းအပေါ် “အနာဂတ်ဘော်လွန်းဒီအောဆုအတွက်ဆိုရင် ဘယ်သူကမှ နူနက်ဇ်ရဲ့အကြောင်း မပြောကြဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ဆိုလိုချင်တာက နူနက်ဇ်က ဟာလန်းတို့၊ မက်ပီတို့လို့ ကျော်ကြားမှုမျိုး မရှိဘူးလို့ ပြောချင်တာပါ။ ဒါက လီဗာပူးရဲ့ အရမ်းလိမ္မာပါးနပ်တဲ့ ကစားသမားခေါ်ယူမှုတစ်ခု ဖြစ်လာမှာပါ။ အားလုံးက ဟာလန်းအပေါ်ပဲ အာရုံစိုက်နေကြပြီးတော့ ဘယ်သူကမှ နူနက်ဇ်ရဲ့အကြောင်း ပြောနေခဲ့တာမျိုး မရှိခဲ့ပုံပဲ။ ဒါပေမယ့် ကျွန်တော် နူနက်ဇ်ကို သိသလို သူ့ကိုလည်း အားပေးပါတယ်။ သူ့ကို ခေါ်ယူမယ့် ကလပ်က တကယ့်ကို လျှော့ဈေးနဲ့ ရလိုက်သလိုဖြစ်လာမှာကို ကျွန်တော် သိခဲ့ပါတယ်”ဟု ပြောဆိုခဲ့သည်။

#လီဗာပူး #မန်စီးတီး #ဟာလန်း #ဒါဝင်နူနက်ဇ်