ရှေ့သို့
Image

သြစတြေးလျနဲ့ ပွဲမှာ ပင်နယ်တီလွဲချော်ကာ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ပြီးနောက် လက်ရွေးစင်ဘဝမှ အနားယူလိုက်တဲ့ ပီရူးကစားသမား

2:22 PM, 15 June

ပီရူးကစားသမား လူးဝစ် အက်ဒ်ဗင်ကူလာဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပလေးအော့ဖ်ပွဲစဉ်မှာ အဓိကကျတဲ့ ပင်နယ်တီကို လွဲချော်ခဲ့ပြီးနောက် နိုင်ငံလက်ရွေးစင်ဘဝမှ အနားတော့မယ့်အကြောင်း ကြေညာခဲ့ပါတယ်။

စိတ်ပျက်နေတဲ့ ညာနောက်ခံလူဟာ ပင်နယ်တီမှာ ၅-၄ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း သူ့ရဲ့ ပင်နယ်တီ လွဲချော်ခဲ့မှုအပေါ် ပီရူးပြည်သူအားလုံးကို တောင်းပန်သွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့ပြီးနောက် ပီရူးကစားသမားတွေရဲ့ မျက်နှာမှာ စိတ်ပျက်မှုတွေကို အတိုင်းသား မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ ရှုံးနိမ့်မှုက အက်ဒ်ဗင်ကူလာအတွက်လည်း အတော်လေး စိတ်ထိခိုက်သွားစေကာ ကစားသမားကိုယ်တိုင်က အင်စတာဂရမ်မှာ ပင်နယ်တီ လွဲချော်မှုအတွက် တောင်းပန်ကာ နိုင်ငံလက်ရွေးစင် အဖြစ်ကနေ အနားယူတော့မှာဖြစ်ကြောင်း တင်ခဲ့ပေမဲ့ ယခုအချိန်မှာတော့ ပြန်ဖျက်သွားခဲ့ပါတယ်။

အက်ဒ်ဗင်ကူလာက “ပထမဆုံးအနေနဲ့ ကျွန်တော် ပီရူးအတွက် နာကျင်စေခဲ့တဲ့အပေါ် မိသားစုနဲ့ သူငယ်ချင်းတွေကို တောင်းပန်ပါတယ်။ ခုလို ဆိုးရွားတဲ့အဖြစ်နဲ့ ကြုံရတာ ကျွန်တော့်ကြောင့်သာဖြစ်ပြီး တောင်းပန်ရုံနဲ့ မလုံလောက်ဘူးဆိုတာလည်း သိပါတယ်” “ကျွန်တော် ဒီလိုနေရာကို ရောက်လာတာ အဆင့်ဆင့်ကျော်ဖြတ်ခဲ့ရတာပါ။ ဒီလိုအမှားမျိုးကနေ ပြန်ထနိုင်ဖို့ အင်အားရှိမယ်လို့လည်း မထင်ပါဘူး။ ကျွန်တော့် အသင်းဖော်တွေအတွက်တော့ အားလုံးအတွက် ကျေးဇူးတင်ပြီး ခုလို ဖြစ်ခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

အက်ဒ်ဗင်ကူလာဟာ ပင်နယ်တီကန်ရာမှာ အားနည်းနည်းသာ ထည့်လိုက်တဲ့အတွက် သြစတြေးလျဂိုးသမား ရက်ဒ်မိန်းက အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။ အဆိုပါ ပင်နယ်တီလွဲချော်ခဲ့ပြီးနောက် အက်ဒ်ဗင်ကူလာ တစ်ယောက် ကွင်းထဲ ဒူးထောက်ထိုင်ချကာ စိတ်မကောင်းဖြစ်နေတဲ့ပုံကို မြင်တွေ့ခဲ့ရပါတယ်။ အဆိုပါ ရှုံးပွဲအပြီး အသင်းခေါင်းဆောင်နဲ့ ဂိုးသမားဖြစ်သူ ပက်ဒရို ဂယ်လက်စီကတော့ အသင်းဖော်တွေကို အရှုံးကနေ ပြန်ရုန်းထဖို့ တိုက်တွန်းသွားခဲ့ပါတယ်။

#ပီရူး #သြစတေးလျ #ကမ္ဘာ့ဖလားခြေစစ်ပွဲ #အက်ဒ်ဗင်ကူလာ