ရှေ့သို့
Image

အင်္ဂလန်ရဲ့ အရှက်တကွဲရှုံးပွဲအတွက် ဝန်ခံမှုတစ်ခု ပြုလုပ်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်

10:53 AM, 15 June

ယနေ့နံနက်ပိုင်း၊ နေးရှင်းလိဂ်ပွဲစဉ်အဖြစ် အိမ်ကွင်းတွင် အင်္ဂလန်က ဟန်ဂေရီကို ရှက်ရွံ့ဖွယ် လေးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရှုံးပွဲအတွက် သူ့မှာသာ တာဝန်အပြည့်ရှိကြောင်း အင်္ဂလန်နည်းပြ ဆောက်ဂိတ်က ဝန်ခံပြောဆိုခဲ့သည်။

ဝုဗ်အိမ်ကွင်း Molineux တွင် ယှဉ်ပြိုင်ကစားခဲ့သော ယင်းပွဲစဉ်တွင် အင်္ဂလန်မှာ အလွန်ဆိုးရွားသော စွမ်းဆောင်ရည်ပိုင်းကို ပြသခဲ့မှုအတွက် တန်ရာတန်ကြေးတစ်ခု ပြန်လည်ပေးဆပ်ခဲ့ရပြီး ယခုနှစ်နေးရှင်းလိဂ်(A)၊ အုပ်စု (၃)၊ လေးပွဲ ကစားပြီးချိန်တွင် ရမှတ် ၂ မှတ်သာ ရရှိကာ အုပ်စုနောက်ဆုံးတွင် ရပ်တည်နေသည်။

ယခုရှုံးပွဲသည် အင်္ဂလန်အတွက် ၉၄ နှစ်အတွင်း အကြီးမားဆုံး အိမ်ကွင်းရှုံးပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သလို နောက်ဆုံး လေးပွဲဆက် နိုင်ပွဲပျောက်မှုမှာလည်း  ၂၀၁၄ ခုနှစ်၊ ဇွန်လနောက်ပိုင်း အရှည်လျားဆုံးနိုင်ပွဲပျောက်ဆုံးမှု ဖြစ်လာခဲ့သည်။

“ကျွန်တော်တို့ လူငယ်မျက်နှာသစ်အသင်းကို ရွေးချယ်ခဲ့ပါတယ်။ ပွဲကစားချိန်မှာလည်း ဒါက လူငယ်အသင်းတစ်ခုဆိုတာကို ပြသခဲ့ပါတယ်။ အဆုံးမှာတော့ ဒီရလဒ်ပိုင်းအတွက် ကျွန်တော့်မှာပဲ တာဝန်အပြည့်ရှိပါတယ်။ ပထမပိုင်းအပြီးမှာ ကျွန်တော်တို့ ပွဲကို အနိုင်ရဖို့ လိုအပ်နေတယ်ဆိုတာ ခံစားမိခဲ့ပါတယ်။ ကျွန်တော်တို့ တိုက်စစ်ကစားဖို့ အပြောင်းအလဲနည်းနည်းလုပ်ခဲ့တယ်။ ကျွန်တော်တို့ တိုက်စစ်ဖွင့်ကစားသလို ခံစစ်ပိုင်းမှာလည်း ပြိုင်ဘက်ကို အခွင့်အရေးတွေပေးခဲ့ရပါတယ်။ ဒီနေးရှင်းလိဂ်ပွဲစဉ်လေးပွဲရဲ့ ရလဒ်ပိုင်းက ကျွန်တော့်မှာပဲ တာဝန်ရှိတယ်ဆိုတာ ကစားသမားတွေကိုလည်း ပြောခဲ့ပါတယ်။ ကျန်တဲ့ကစားသမားတွေ အနားရဖို့ မျက်နှာသစ်ကစားသမားတွေကို အခွင့်အရေးပေးနိုင်ရေး ကျွန်တော် ကြိုးစားခဲ့ပါတယ်”

“ကျွန်တော်တို့အနေနဲ့ အတွေ့အကြုံပိုရှိပြီး ပိုကစားအားကောင်းတဲ့ ကစားသမားတွေကို မသုံးနိုင်တော့ဘူး။ အဆုံးမှာတော့ ဟန်ဂေရီနဲ့ အိမ်ကွင်း၊အဝေးကွင်းပွဲစဉ်မှာ ယှဉ်ပြိုင်ဖို့ ကျွန်တော်ရွေးချယ်ခဲ့တဲ့အသင်းတွေက ရလဒ်ကောင်းရရှိစေဖို့ လုံလုံလောက်လောက် သန်မာမှုမရှိခဲ့ပါဘူး။ ဒီပွဲထက်စာရင် အီတလီ၊ ဂျာမနီတို့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲတွေက ပိုပြီးတော့ အပေါင်းလက္ခဏာဆောင်ခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် ဒီညမှာတော့ ဦးကျိုးသွားစေတဲ့ အတွေ့အကြုံတစ်ခု ရရှိခဲ့တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်”ဟု ဆောက်ဂိတ်က ဆိုသည်။

လာမည့်စက်တင်ဘာလ၊ အီတလီနှင့် ယှဉ်ပြိုင်ရမည့် နေးရှင်းလိဂ် အုပ်စုပွဲစဉ်တွင်သာ အင်္ဂလန်အသင်း ထပ်မံရှုံးနိမ့်ခဲ့မည်ဆိုပါက နေးရှင်းလိဂ်(A) မှ လိဂ် (B)သို့ သေချာပေါက် တန်းဆင်းရမည် ဖြစ်သည်။

#အင်္ဂလန် #ဆောက်သမ်တန် #နေးရှင်းလိဂ် #ဟန်ဂေရီ