ရှေ့သို့
Image

လေးပွဲဆက် သရေကျပြီးနောက် အီတလီနှင့် ပွဲစဉ်ကို အနိုင်ကစားချင်နေတဲ့ ဂျာမနီ အသင်းခေါင်းဆောင် နူအာ

2:13 PM, 14 June

ဂျာမနီလက်ရွေးစင်အသင်းခေါင်းဆောင်၊ ဂိုးသမားနူအာက လေးပွဲဆက် တစ်ဖက်တစ်ဂိုးစီသရေ ရလဒ်ကြုံခဲ့ရပြီး နောက် ယနေ့ည၊ အီတလီနှင့်ရင်ဆိုင်ရမည့် နေးရှင်းလိဂ်ပွဲစဉ်ကို အနိုင်ကစားချင်ကြောင်း ထုတ်ပြောခဲ့သည်။

ပြီးခဲ့သည့်စနေနေ့၊ ဟန်ဂေရီနှင့် သရေကျခဲ့သော ပွဲစဉ်သည် ဂျာမနီ၏ နောက်ဆုံး လေးပွဲဆက် တစ်ဖက်တစ်ဂိုးစီ သရေ ရလဒ် ထွက်ပေါ်သော ပွဲစဉ်ဖြစ်ပြီး မတ်လအတွင်း နယ်သာလန်နှင့် ခြေစမ်းပွဲစဉ်၊ ယခုလအတွင်း အီတလီနှင့် နေးရှင်းလိဂ်အဝေးကွင်းပွဲစဉ်၊ အင်္ဂလန်နှင့် နေးရှင်းလိဂ်အိမ်ကွင်းပွဲစဉ်တို့တွင်လည်း ယင်းရလဒ်အတိုင်းသာ ထွက်ပေါ်ခဲ့သည်။

ပွဲကြိုသတင်းစာရှင်းလင်ပွဲတွင် နူအာက ဂျာမနီအသင်းသည် ပြီးခဲ့သော ဟန်ဂေရီနှင့်ပွဲစဉ်တွင် မှန်ကန်သော ကြိုးစားအားထုတ်မှုဖြင့် ရင်ဆိုင်ကစားခဲ့ကြောင်း ထုတ်ပြောခဲ့သလို ဒေါ့မွန်ကွင်း၌ အီတလီနှင့် ရင်ဆိုင်ရသော ပွဲစဉ်တွင် ရလဒ်ကောင်းတစ်ခုကို ရယူနိုင်ဖို့ကိုလည်း မျှော်လင့်နေသည်။

“စိတ်ပျက်စရာတွေ အရင်ကတည်းက ရှိခဲ့ပေမယ့် ဒီအတွက် ကျွန်တော်တို့ စိတ်ဓါတ်ကျနေခြင်း အလျဉ်းမရှိပါဘူး။ ကျွန်တော်တို့ရဲ့ ဆာလောင်မှုတွေ၊ စိတ်အားတက်ကြွမှုတွေ ရှိနေဆဲပါ။ ကျွန်တော်တို့အသင်း တက်ကြွမှုအားမာန်နဲ့ ဖန်တီးနိုင်စွမ်း နည်းပါးကောင်းနည်းပါးနိုင်ပေမယ့် ပွဲတိုင်းမှာ မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုကို ပြသနိုင်ခဲ့ပါတယ်။ နိုင်ပွဲ တစ်ပွဲက ကျွန်တော်တို့အတွက် အရမ်းကို အရသာရှိစေမှာပါ။ အီတလီနဲ့ပွဲစဉ်မှာ ပွဲအပြီးမှာ အောင်မြင်မှုခံစားချက်ကို အနိုင်သုံးမှတ်နဲ့အတူ လိုချင်ပါတယ်။ ပွဲစဉ်တစ်ခုကို ပစ်စလက်ခတ် ယှဉ်ပြိုင်လို့ မရပါဘူး။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အသင်းရဲ့ခံစစ်ပိုင်းကို ကောင်းကောင်းလေ့ကျင့်ပေးချင်ပါတယ်။ ဒါက ကျွန်တော့်အတွက်လည်း အရေးပါလာပါလိမ့်မယ်။ ဒါကပဲ နေးရှင်းလိဂ်မှာ အလွန်ကောင်းတဲ့ပြိုင်ဘက်မျိုးနဲ့ ကစားချင်နေတဲ့ အကြောင်းပြချက်တစ်ခုပါ”ဟု နူအာက ဆိုသည်။

ဂျာမနီနည်းပြ ဟန်ဆီဖလစ်ခ်က “ ဒီအသင်းက တိုးတက်မှုကောင်းတွေ ပြုလုပ်ခဲ့ပါတယ်။ အခုထိ တစ်ပွဲမှ မရှုံးသေးပါဘူး။ ဒါပေမယ့် နောက်ဆုံးလေးပွဲမှာ အရမ်းကောင်းတဲ့ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး လေးပွဲလုံး သရေကျခဲ့ပါတယ်။ ကျွန်တော်တို့ ဒီထက်ပိုပြီး မျှော်လင့်ထားတာပါ။ ဒီအသင်းက ဒီထက်ပိုပြီး တိုးတက်လာလိမ့်မယ်ဆိုတာလည်း ကျွန်တော် တွေးမိခဲ့ပါတယ်။ စက်တင်ဘာလ၊ နေရှင်းလိဂ်အုပ်စု နောက်ဆုံးပွဲစဉ်အထိ ရလဒ်ကောင်းတွေ ရရှိအောင် ဒီအုပ်စုရဲ့အစ ပွဲစဉ်လေးပွဲကို ဆန်းစစ်လေ့လာသုံးသပ်သွားဖို့ အရင်ကတည်းက ကျွန်တော်ပြောထားဖူးပါတယ်။ ဒီအရာက အခုကျွန်တော်တို့ လုပ်သွားရမယ့် လုပ်ငန်းပါပဲ”ဟု ပြောဆိုသည်။

#ဂျာမနီ #အီတလီ #နေးရှင်းလိဂ် #နူအာ