ရှေ့သို့
Image

ဟာလန်း အပြောင်းအရွှေ့ ကြေညာပြီးနောက် စီးတီးရဲ့ ပထမဆုံးပွဲကို မတော်တဆ ကြေညာမိခဲ့တဲ့ ပရီးမီးယားလိဂ်

9:49 AM, 14 June

ပရီးမီးယားလိဂ်ရဲ့တရားဝင်တွစ်တာအကောင့်ကတော့ ဟာလန်းအပြောင်းအရွှေ့ မန်စီးတီး ကြေညာပြီးချိန်မှာ ၂၀၂၂ - ၂၃ ရာသီ မန်စီးတီးရဲ့အဖွင့်ပွဲကို တင်ခဲ့တာဖြစ်ပါတယ်။ စီးတီးဟာ ပြီးခဲ့တဲ့လက ဒေါ့မွန်အသင်းနဲ့ အပြောင်းအရွှေ့သဘောတူညီမှု ရယူနိုင်ခဲ့ပြီး အခုချိန်မှာမှ ဟာလန်းအပြောင်းအရွှေ့ကို အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။

သတင်းတွေအရ ဟာလန်းရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၅၁ သန်းရှိနိုင်တာဖြစ်ပြီး အသက် ၂၁ နှစ်သားဟာ အင်္ဂလန်မြေမှာ ပြန်ကစားရမှာဖြစ်တဲ့ စိတ်လှုပ်ရှားနေတာဖြစ်ပါတယ်။ ဟာလန်း အနေနဲ့ လာမယ့်ရာသီသစ် တန်းတက်ဘုန်းမောက်အသင်းနဲ့ ရင်ဆိုင်မယ့်ပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။ အဆိုပါသတင်းကို ပရီးမီးယားလိဂ်တွစ်တာအကောင့်ကနေ တင်ခဲ့တာဖြစ်ပြီး မန်စီးတီးကို မန်းရှင်းခဲ့တာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်တွစ်တာအကောင့်က ဘုန်းမောက်နဲ့ ရင်ဆိုင်ရမှာကို သဲနာရီပုံလေးနဲ့ တင်ခဲ့တာဖြစ်ပေမယ့် သိပ်မကြာခင်မှာ ပို့စ်ကို ပြန်ဖျက်သွားခဲ့ပါတယ်။ ဘုန်းမောက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ ဒုတိယနေရာနဲ့အတူ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာနိုင်ခဲ့တာဖြစ်ပါတယ်။ အဆိုပါပေါက်ကြားမှုက တရားဝင်မကြေညာခင် ၃ ရက်အလိုမှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ကြာသပတေးနေ့မှာ ပရီးမီးယားလိဂ်က တရားဝင်ကြေညာဖွယ်ရှိနေပါတယ်။

ဟာလန်းကတော့ တိုက်စစ်ပိုင်းမှာ ဂိုးတွေသွင်းနိုင်ဖို့သာ အာရုံစိုက်ထားပြီး ဒေါ့မွန်မှာတုန်းက ၈၉ ပွဲမှာ ၈၆ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ မန်စီးတီးနဲ့ ဝက်ဘ်ဆိုက်နဲ့အင်တာဗျူးမှာ နော်ဝေသားက ဂွါဒီယိုလာနဲ့အလုပ်တွဲလုပ်ရမှာကို စိတ်လှုပ်ရှားမိတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီနေ့က ကျွန်တော် နဲ့ ကျွန်တော့်မိသားစုအတွက် ဂုဏ်အယူရဆုံးနေ့တစ်နေ့ပါ။ ကျွန်တော် စီးတီးကို အမြဲတမ်းကြည့်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက သူတို့ တော်တော်ကောင်းခဲ့ပါတယ်။ သူတို့က အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်တာကြောင့် ကျွန်တော့်လိုကစားသမားအတွက် အဆင်ပြေနိုင်ပါတယ်။ ပြီးတော့ စီးတီးအသင်းမှာ ထိပ်တန်းအဆင့်ကစားသမားတွေအများကြီးရှိနေသလို ပက်ကလည်း ကမ္ဘာ့အဆင့်နည်းပြတစ်ဦးပါ။ကျွန်တော် အခုရည်မှန်းချက်ပြည့်ဝနေတဲ့နေရာ တစ်နေရာကို ရောက်နေတယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ဂိုးတွေ အများကြီး သွင်းယူပြီး ဆုဖလားတွေရယူလိုပါတယ်။ ဒီမှာ လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့်အတွက် ကောင်းမွန်တဲ့ပြောင်းရွှေ့မှု တစ်ခုဖြစ်လာနိုင်ပြီး ရာသီကြိုခြေစမ်းပွဲအတွက် မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ဟာလန်းက ပြောကြားခဲ့ပါတယ်။

#မန်စီးတီး #ဟာလန်း #အပြောင်းအရွှေ့ #ဂွါဒီယိုလာ