ရှေ့သို့
Image

ဆွစ်ဇာလန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်အပေါ် ပေါ်တူဂီနည်းပြ မေးခွန်းထုတ်

9:33 AM, 13 June

ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်က ယမန်နေ့ည နေးရှင်းလိဂ်ပွဲစဉ်မှ ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်သွားခဲ့ပါတယ်။

ပွဲအစမှာ သွင်းယူခဲ့တဲ့ ဆီဖာရိုဗစ်ရဲ့ သွင်းဂိုးနဲ့အတူ ဆွစ်ဇာလန်တို့ အဆိုပါပွဲစဉ်ကို အနိုင်ရခဲ့ပါတယ်။ ၁၃မိနစ်အကြာမှာ ကွင်းလယ်ဒိုင် ဂျိုဗစ်က နူနို မန်ဒက်စ် လက်ထိတယ်ဆိုပြီး ဆွစ်ဇာလန်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့ပေမဲ့ VARက ဆုံးဖြတ်ချက်ကို ပြန်ပြင်ခဲ့ပါတယ်။

အဲ့ဒီနောက် အယ်ဗီဒီက အန်ဒရေ ဆေးလ်ဗားကို ကစားပုံ ကြမ်းတမ်းခဲ့ပြီး ပေါ်တူဂီတိုက်စစ်မှူးအနေနဲ့ ခြေကျင်းဝတ် ဒဏ်ရာကို ဆေးအဖွဲ့က ဝင်ရောက်ကုသပေးခဲ့ရပါတယ်။ ပေါ်တူဂီအသင်းက မူလဆုံးဖြတ်ချက်အပေါ် ပေါက်ကွဲခဲ့ကြပြီး ဖာနန်ဒက်စ်ကလည်း ဆွစ်ဇာလန် အရန်ခုံတန်းကို ရန်တွေ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဆန်းတို့စ်က ကွင်းလယ်ဒိုင်ရဲ့ စွမ်းဆောင်ရည်အပေါ် တိုက်ရိုက် ဝေဖန်တာမျိုး မလုပ်ခဲ့ပေမဲ့ ဆွစ်ဇာလန်က ခဏခဏ ပွဲကိုရပ်အောင် လုပ်နေတဲ့အပေါ် စိတ်ပျက်နေကြောင်း ဝန်ခံသွားခဲ့ပါတယ်။

ဆန်းတို့စ်က “ကျွန်တော် ဝေဖန်တာမျိုး မလုပ်ပေမဲ့  ပင်နယ်တီမပေးသင့်တာကို ပေးလိုက်ပြီး သိသာတဲ့ ပြစ်ဒဏ်ဘောကျတော့ မပေးပါဘူး။ ကွင်းထဲ ဖြစ်ပေါ်ခဲ့တဲ့ ပြစ်ဒဏ်ဘောအရေအတွက်နဲ့ အချိန်ဆုံးရှုံးမှုတွေကို ကြည့်လိုက်ပါ။ ကွင်းထဲ ဘာဖြစ်ခဲ့လဲဆိုတာ စတုတ္ထဒိုင်က ကောင်းကောင်းသိပါတယ်”လို့ ပြောခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ဆွစ်ဇာလန်ဂိုးသမား အွမ်လင်း လက်စွမ်းပြခဲ့ပေမဲ့ ပေါ်တူဂီရဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်အပေါ် ကျေနပ်ကြောင်း ဆန်းတို့စ်က ဆိုပါတယ်။ “ပထမပိုင်းမှာ ကျွန်တော်တို့ ဘောလုံးကိုင်ပြီး မတူညီတဲ့ပုံစံနဲ့ ထိုးဖောက်ဖို့ ပြောခဲ့ပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး စတင်နိုင်ခဲ့ပြီး ပထမအစ မိနစ်ပိုင်းအတွင်းမှာတင် ဂိုးသွင်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အခွင့်အရေးတွေ ရလာမယ်ဆိုတာ ကျွန်တော်တို့ သိခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

#ပေါ်တူဂီ #နေးရှင်းလိဂ် #ဆွစ်ဇာလန် #ဖာနန်ဒိုဆန်းတို့စ်