ရှေ့သို့
Image

ဟန်ဂေရီနှင့် သရေကျပြီးနောက် အသင်းမှာ အမှားအယွင်းများခဲ့ကြောင်း ဂျာမန်နည်းပြ ဟန်ဆီဖလစ်ခ်မချိတင်ကဲပြောဆို

5:58 PM, 12 June

ယနေ့နံနက်ပိုင်း၊ ဟန်ဂေရီနှင့် အဝေးကွင်းပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီသရေကျခဲ့သောပွဲစဉ်တွင် ဂျာမနီအသင်းအနေဖြင့် အမှားအယွင်းများခဲ့ကြောင်း နည်းပြဟန်ဆီဖလစ်ခ်က ပွဲအပြီးတွင် မချိတင်ကဲ ထုတ်ဖော်ပြောကြားသည်။ 

ယခုပွဲစဉ်တွင် ဟန်ဂေရီက ပွဲအစ ခြောက်မိနစ်တွင် နာဂီ၏ သွင်းဂိုးဖြင့် ဦးဆောင်ခဲ့ပြီးနောက် သုံးမိနစ်အကြာတွင် ဂျာမနီအတွက် ဟော့ခ်မန်းက ချေပဂိုးပြန်လည်သွင်းယူခဲ့သည်။ မတ်လအတွင်း နယ်သာလန်အသင်းနှင့် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် ယခုပွဲစဉ်သည် ဂျာမနီအတွက် နောက်ဆုံးလေးပွဲဆက် တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့သည့်ပွဲစဉ်လည်း ဖြစ်လာသည်။


နည်းပြဖလစ်ခ်က ယခုပွဲစဉ်တွင် မျှော်လင့်ထားသည့်အတိုင်း ပြိုင်ဘက်ကောင်းနှင့်ရင်ဆိုင်ခဲ့ရပြီး အသင်းအနေဖြင့်လည်း အခွင့်အရေးကောင်းများကို မဖန်တီးနိုင်ဘဲ အမှားအယွင်းများခဲ့ကြောင်း ညည်းညူခဲ့သည်။

" ဒီပွဲမတိုင်ခင်ကတည်းက အင်္ဂလန်နဲ့ပွဲအပြီး နောက်ထပ်ပြိုင်ဘက်ကောင်းနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ကျွန်တော်ပြောခဲ့ပါတယ်။ ဟန်ဂေရီက တကယ့်ကို စုစည်းမှုကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့အသင်းကလည်း စိတ်တိုင်းကျစေလောက်တဲ့ တိုက်စစ်ကစားပုံကို မပြသနိုင်ခဲ့သလို အမှားအယွင်းတွေလည်း များခဲ့ပါတယ်။ ဒီအရာကပဲ ကျွန်တော်အသင်းဟာ တိုးတက်ဖို့လုပ်ငန်းစဉ်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ ပြောနေပါတယ်။ ဒီပွဲကနေ ရလာတဲ့ သင်ခန်းစာတွေကို အသေအချာသင်ယူသွားဖို့ လိုပါတယ်။ ကျွန်တော်တို့ ခံယူချက် နည်းနည်းလေးလွဲနေတယ်"ဟု ဟန်ဆီဖလစ်ခ်က ဆိုသည်။


နေးရှင်းလိဂ်၊ လိဂ် (A)၊ အုပ်စု (၃)၏ အခြားပွဲစဉ်အဖြစ် အင်္ဂလန်နှင့် အီတလီတို့ ဂိုးမရှိသရေကျခဲ့ပြီးနောက် လက်ရှိရပ်တည်မှုအရ ဂျာမနီသည် အုပ်စုတတိယနေရာတွင် ရပ်တည်နေကာ လာမည့်အင်္ဂါနေ့တွင် ဂျာမနီသည် ဒေါ့မွန်၏ အိမ်ကွင်းတွင် အီတလီကို ဧည့်ခံကစားရမည်ဖြစ်ရာ ယခုနှစ် နေးရှင်းလိဂ်ပထမဆုံးနိုင်ပွဲကို မျှော်လင့်ယှဉ်ပြိုင်ရဖို့ ရှိနေသည်။


" ဒီနေ့မှာ ကျွန်တော်တို့ အနိုင်သုံးမှတ်လိုချင်ခဲ့ပါတယ်။ ကျွန်တော်တို့ သုံးမှတ်မရတဲ့အတွက် အဝတ်လဲခန်းထဲကလူတွေအားလုံးက စိတ်ပျက်နေကြပါတယ်။ အခုချိန်မှာတော့ ကျွန်တော်တို့ ပြင်ဆင်ဖို့ နှစ်ရက်အချိန်ရပါတယ်။ ပြီးရင်တော့ အီတလီပွဲစဉ်ကို အကောင်းဆုံး ၁၁ ယောက်နဲ့ ရင်ဆိုင်ကစားသွားဖို့ ရှိပါတယ်"ဟု ဟန်ဆီဖလစ်ခ်က ဆက်လက်ပြောကြားခဲ့သည်။


ယခုပွဲစဉ်တွင် ဟန်ဂေရီသည်​ ဘောလုံးပိုင်ဆိုင်မှု ၃၃ ရာခိုင်နှုန်းသာရှိသော်လည်း ပြိုင်ဘက်ထံဂိုးပေါက်ခြိမ်းခြောက်မှု ၇ ကြိမ်ပြုလုပ်ခဲ့ကာ ဂျာမနီအသင်းခေါင်းဆောင် ဂိုးသမားနူအာကလည်း ဂိုးကာကွယ်မှုကောင်းနှစ်ကြိမ် စွမ်းဆောင်နိုင်ခဲ့သည်။


နူအာက " ကျွန်တော်တို့အားလုံး စိတ်ပျက်ရပါတယ်။ ကျွန်တော်တို့ဟာ စိတ်ဓါတ်ကြံ့ခိုင်မှုပိုင်းမှာ အားနည်းခဲ့သလို ပြိုင်ဘက်ကို တိုက်စစ်ဆင်ကစားဖို့လည်း ခက်ခဲခဲ့ပါတယ်။ ဟန်ဂေရီကလည်း ယှဉ်ပြိုင်ဖို့ ခက်ခဲတဲ့ တကယ့်ပြိုင်ဘက်ကောင်းအသင်းတစ်ခုပါ။


ကျွန်တော်တို့ဟာ တိုးတက်ဖို့လုပ်ဆောင်ဆဲအသင်းတစ်ခုဆိုတာ ကျွန်တော်တို့အမြဲပြောခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကမ္ဘာ့ဖလားအနိုင်ရဖို့ ခရီးရှည်တစ်ခုကို လျှောက်လှမ်းနေဆဲဖြစ်ပါတယ်။ အီတလီနဲ့ပွဲမှာ ကျွန်တော်တို့ရဲ့ စွမ်းရည်ကို နောက်တစ်ကြိမ်ပြသသွားဖို့ လိုအပ်ပါတယ်"ဟု ဆိုသည်။


#နေးရှင်းလိဂ် #ဟန်ဂေရီ