ရှေ့သို့
Image

အီတလီ၏ စွမ်းဆောင်ရည်အတွက် အံ့အားသင့်မိတယ်ထုတ်ပြောလာခဲ့တဲ့ နည်းပြမန်စီနီ

4:24 PM, 12 June

ယနေ့နံနက်ပိုင်း၊ ၀ုဗ်အသင်းအိမ်ကွင်း Molineux ၌ အင်္ဂလန်နှင့်ရင်ဆိုင်ရသော ပွဲစဉ်တွင် ပြသခဲ့သော အီတလီအသင်း၏ စွမ်းဆောင်ရည်ကို အံ့အားသင့်မိကြောင်း နည်းပြမန်စီနီက ချီးကျူးဂုဏ်ပြုခဲ့သည်။

ယခုပွဲစဉ်တွင် အီတလီကွင်းလယ်၏အားထားရသော ဗာရက်တီ၊ ချီယေဆာ၊ ဘယ်လော့တီတို့ မပါဝင်ခဲ့သော်လည်း အဝေးကွင်းတွင် သရေတစ်မှတ်ရရှိခဲ့သလို အားရစရာစွမ်းဆောင်ရည်ကောင်းကိုလည်း ပြသနိုင်ခဲ့သည်။ လက်ရှိရပ်တည်မှုပိုင်းအရ နေးရှင်းလိဂ်၊ လိဂ် (A)၊ အုပ်စု(၃) ရမှတ် ငါးမှတ်ဖြင့် ဦးဆောင်နေပြီး ဟန်ဂေရီ၊ ဂျာမနီနှင့် အင်္ဂလန်တို့မှာ ရမှတ် ၂ မှတ်သာ ရရှိထားသည်။


" အရိုးသားဆုံးပြောရရင် ဒီရလဒ်ကို ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး။ ကျွန်တော်က တလွဲတော့ဖြစ်လိမ့်မယ်လို့ တွေးထားခဲ့တာပါ။ ကျွန်တော်တို့ အလုပ်တွေအများကြီးအတူလုပ်ဖို့ ရှိနေတုန်းပါပဲ။ အန္တရာယ်တွေအပြည့်နဲ့ ခရီးလမ်းတစ်ခုကို လျှောက်လှမ်းရဖို့ ရှိပါတယ်။ 

ကျွန်တော်တို့ ဂိုးတွေ ပိုမိုပြီးသွင်းလာဖို့တော့ လိုအပ်ပါတယ်။ ဖာရာတီစီကသာ ပွဲအစငါးမိနစ်မှာရတဲ့ အခွင့်အရေးကောင်းကို ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့ရင် ပွဲပြီးရလဒ်ပိုင်းကလည်း တစုံတရာခြားနားသွားမှာပါ။ နောက်တစ်ကြိမ်တော့ သူ့အနေနဲ့ ဂိုးအဖြစ် ပြောင်းလဲနိုင်ပါလိမ့်မယ်။


ဒီသီတင်းပတ်သုံးပတ်လောက်အတွင်းမှာ ကျွန်တော်တို့အတူတကွ အကောင်းဆုံးလုပ်နိုင်မယ်လို့ ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး"ဟု မန်စီနီက ဆိုသည်။

ယခုပွဲစဉ်တွင် မျက်နှာသစ်အီတလီလက်ရွေးစင်ကစားသမားများအသုံးပြုခဲ့ခြင်းနှင့်အတူ ပြီးခဲ့သည့် ဂျာမနီနှင့် ဟန်ဂေရီတို့ကို ရင်ဆိုင်ခဲ့သောပွဲစဉ်တွင် သွင်းဂိုးရရှိခဲ့သော ပယ်လီဂရီနီမှာ ယခုပွဲစဉ်တွင်လည်း သွင်းဂိုးရရှိရေးအတွက် တာဝန်ယူခဲ့ရသည်။


အသက် ၂၅ နှစ်အရွယ် ရိုးမားကပ္ပတိန်သည် ၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အီတလီလက်ရွေးစင်အသင်းအတွက် သုံးပွဲဆက်ပွဲထွက်ခွင့်ရရှိခဲ့သည်။


"ပယ်လီဂရီနီမှာ သူရဲ့ကိုယ်ပိုင်ကစားဟန်ရှိပါတယ်။ သူက ဂျီအာနီနီတို့၊ တော့တီတို့လို နံပါတ် 10 Role ကစားသမားမျိုးမဟုတ်ဘူး။ ကျွန်တော်ကတော့ သူအနေနဲ့ အချိန်နဲ့အမျှ ခြေစွမ်းပိုကောင်းလာလိမ့်မယ်လို့ ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက တိုက်စစ်ပိုင်းရော၊ ခံစစ်ပိုင်းမှာပါ ကောင်းမွန်တဲ့ ကစားသမားမျိုး ဖြစ်နေလို့ပါ။

ဘောလုံးမဆုံးရှုံးသင့်တဲ့အချိန်မှာ ဘောလုံးဆုံးရှုံးတာမျိုးလည်း ရှိတာပေါ့။ သူအနေနဲ့ ဒီလိုကိစ္စမျိုးတွေနဲ့ အခြားအရာလေးတွေကို ပြင်ဆင်နိုင်မယ်ဆိုရင် သူက သာမာန်ထက်ထူးကဲတဲ့ကစားသမားတစ်ဦး ဖြစ်လာနိုင်ပါတယ်"ဟု မန်စီနီက သုံးသပ်ပြောဆိုသည်။


#အီတလီ #နေးရှင်းလိဂ် #မန်စီနီ