ရှေ့သို့
Image

ဂျီးဆပ်စ်က ရီးရဲလ်ပြောင်းမှာ မဟုတ်ဘဲ ပရီးမီးယားလိဂ်မှာ ဆက်ရှိမယ်လို့ ရိုမာနို အတည်ပြု

1:45 PM, 11 June

ဂါဘရီရယ် ဂျီးဆပ်စ်ဟာ နွေရာသီမှာ မန်စီးတီးကနေ ကျိန်းသေ ထွက်ခွာမှာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာသာ ဆက်ရှိမှာ ဖြစ်ကြောင်း ဖာဘရီဇီယို ရိုမာနိုက အတည်ပြုခဲ့ပါတယ်။ မန်စီးတီးကို ဟာလန်းရောက်လာမှုကြောင့် ဂျီးဆပ်စ်ရဲ့ အနာဂတ်က မရေမရာမှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။

မန်စီးတီးက လူငယ်တိုက်စစ်မှူး ဂျူလီယံ အယ်ဗာရက်ဇ်ကိုလည်း ခေါ်ယူထားတာကြောင့် ဘရာဇီးတစ်ယောက် စီးတီးမှာ တတိယမြောက် ဦးစားပေး တိုက်စစ်မှူး ဖြစ်သွားတော့မှာပါ။ ဂျီးဆပ်စ်ကို ခေါ်ယူနိုင်ဖို့ အာဆင်နယ်က ထိပ်ဆုံးကနေ ဦးဆောင်နေပေမဲ့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်တို့ကလည်း စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပါတယ်။

ဘရာဇီးသားဟာ လာမယ့်နှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်တာကြောင့် စီးတီးက ပေါင် သန်း၄၀ရရင် ရောင်းချသွားဖို့ ရှိနေပါတယ်။ ရီးရဲလ်မက်ဒရစ်၊ အက်သလက်တီကိုတို့နဲ့လည်း သတင်းတွေ ထွက်နေပေမဲ့ ရိုမာနိုကတော့ ဂျီးဆပ်တစ်ယောက် ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိမယ်လို့ အတည်ပြုထားခဲ့ပါတယ်။

တွစ်တာမှာ တင်ထားခဲ့ရာမှာ ရိုမာနိုက “ဂျီးဆပ်စ်ဟာ နွေရာသီ ပရီးမီးယားလိဂ်ကလပ်ကိုပဲ ပြောင်းမှာပါ။ လွန်ခဲ့တဲ့ ၂ရက်က ရှင်းပြခဲ့သလို ရီးရဲလ်ကို မပြောင်းပါဘူး။ သူ မန်စီးတီးက ကျိန်းသေထွက်မှာပါ။ ဘာမှ အပြောင်းအလဲ မရှိပါဘူး”လို့ ရေးသားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အူဘာမီယန်းနဲ့ လာကာဇက်တီတို့ အသင်းက ထွက်သွားတာကြောင့် တိုက်စစ်မှူး၁ဦး ရှာဖွေနေပြီး ဂျီးဆပ်စ်က အဓိက ပစ်မှတ် ဖြစ်နေခဲ့ပါတယ်။ ချဲလ်ဆီးကလည်း လူကာကူရဲ့ ရုန်းကန်နေရမှုတွေကြောင့် ဂျီးဆပ်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

#မန်စီးတီး #အပြောင်းအရွှေ့ #ရိုမာနို #ဂျီးဆပ်