ရစ်ချာလီဆင် အနေနဲ့ အာဆင်နယ်ကို ပြောင်းဖို့ရွေးချယ်သင့်ကြောင်း ရီဗယ်ဒိုလ် တိုက်တွန်း
10:58 AM, 11 June
အဲဗာတန်တိုက်စစ်ကစားသမား ရစ်ချာလီဆင်ဟာ နွေရာသီမှာ ပြောင်းရွေ့ဖို့အသင်းအဖြစ် အာဆင်နယ်အသင်းဟာ ရွေးချယ်စရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ရီဗယ်ဒိုလ်က ပြောကြားလိုက်ပါတယ်။ အဲဗာတန်အသင်းဟာပြီးခဲ့တဲ့ ရာသီက တန်းဆင်းဇုန်အနီးမှ ရာသီသိမ်းခဲ့ပြီး တန်းဆင်းရမယ့်အရေးမှ လွတ်မြောက်ခဲ့ပေမယ့် ရစ်ချာလီဆင်ဟာ ဂွတ်ဒီဆင်ပတ်မှ ထွက်ခွာဖို့ နည်းလမ်းရှာဖွေနေပါတယ်။
သူဟာ အဲဗာတန်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် ၃၀ ကစားပေးထားပြီး ၁၀ ဂိုးသွင်းယူပေးထားကာ ၅ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်ပေးထားနိုင် ခဲ့လို့ ဥရောပ အသင်းကြီးတွေက ကစားသမားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
The Sun ရဲ့ အဆိုအရတော့ ရစ်ချာလီဆင်ဟာ အဲဗာတန်အသင်းကို ယခုနှစ်နွေရာသီမှာ အသင်းမှ ထွက်ခွာလိုကြောင်း ပြောဆိုထားပြီး ချဲလ်ဆီး ၊ ရီးရဲလ်မက်ဒရစ်နဲ့ ပီအက်စ်ဂျီ အသင်းတသင်းထံ ပြောင်းရွေ့ချင်နေတယ်လို့လဲ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ကစားသမားကို ကမ်းလှမ်းမှုပြုလုပ်ထားခဲ့ပေမယ့် ရစ်ချာလီဆင်က ချန်ပီယံလိဂ်ဝင်ခွင့်မရတဲ့ အာဆင်နယ်အသင်းကို မပြောင်းရွေ့ချင်နေတာ ဖြစ်ပြီး အခြားသော ကလပ်အသင်းကို ပြောင်းရွေ့ကြေး ပေါင် ၆၅ သန်းနဲ့ ပြောင်းရွေ့ချင်နေပါတယ်။
သို့သော် ဘောလုံးဂန္တဝင်ကစားသမားဟောင်း ဘရာဇီးသားလဲဖြစ်တဲ့ ရီဗယ်ဒိုလ်ကတော့ ရစ်ချာလီဆင်အနေနဲ့ လာမယ့် ကာတာ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းအတွက် ကစားခွင့် ရဖို့ဆိုလျှင် အာဆင်နယ်အသင်းဟာ ပြောင်းရွေ့ကစားဖို့ ရွေးချယ်သင့်တဲ့ အသင်းဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
"ဒီနွေရာသီက ရစ်ချာလီဆင်နဲ့ ဘရာဇီးသား အာဆင်နယ် နည်းစနစ်ဒါရိုက်တာ အီဒူးတို့အတွက် ကြီးကျယ်တဲ့ အခိုက်အတန့်ကာလဖြစ်နိုင်ပါတယ်။ ဒီအချက်ကပဲ အာဆင်နယ်အသင်းအတွက် ကစားသမားကို ခေါ်ယူနိုင်စေမယ့် အချက်လဲ ဖြစ်နေပါတယ်" "သူက အဲဗာတန်အသင်းကနေ ထွက်ခွာလိုနေပြီး သူ့ကိုလဲ အသင်းကြီးတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ ကစားသမားအတွက် အာဆင်နယ်အသင်းဟာ ရွေးချယ်စရာကောင်းတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်"
"အာဆင်နယ်အသင်းမှာ နည်းစနစ်ဒါရိုက်တာ အီဒူးရှိနေပြီး သူဟာ ဘရာဇီးနည်းအဖွဲ့မှာ ၂၀၁၉ ခုနှစ်အထိ အလုပ်လုပ်ခဲ့ဖူးတဲ့အတွက် ရစ်ချာလီဆင်ကို သူကောင်းကောင်းသိပါတယ်။ ပရီးမီးယားလိဂ် ဇယားထိပ်ပိုင်းနားမှာ ရှိတဲ့ အသင်းမှာ ကစားရဖို့က ရစ်ချာလီဆင်အတွက် အရေးပါပါတယ်။ သူဟာ အဲဗာတန်အသင်း တန်းမဆင်းရရေးအတွက်လဲ ပါဝင်ထမ်းပိုးပေးထားသူပါ" "တကယ်လို့ သူသာ ကောင်းကောင်းရွေ့ပြောင်းမှုကို ရွေးချယ်ခဲ့မယ်ဆိုရင် သူ့အတွက် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားမှာ ဘရာဇီးအသင်းအတွက် ဦးစားပေးရွေးချယ်ခံရမယ့် ကစားသမား ဖြစ်လာမှာပါ"လို့ ရီဗယ်ဒိုလ်က ဆိုပါတယ်။
သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်လို့တော့ ရစ်ချာလီဆင်က "ကျွန်တော် ဘုတ်အဖွဲ့နဲ့ ရှင်းရှင်းလင်းလင်းပြောဆိုပြီးပါပြီ။ နည်းပြလမ်းပတ်ကိုလဲ ပြောပြပြီးပါပြီ။ ကျွန်တော့်အေးဂျင့်ကလဲ ကျွန်တော် ဘာကိုလိုချင်တယ်ဆိုတာ သိပါတယ်။ ဇွန်လမှာ စောင့်ကြည့်ကြတာပေါ့" "အခုတော့ ကျွန်တော် မပြောပြနိုင်သေးပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်အသင်းက ထွက်ခွာမယ့်အကြောင်းကိုလဲ မပြောချင်သေးသလို အသင်းနဲ့ရှိခဲ့တဲ့ သမိုင်းတွေ ၊ ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုတွေကိုလဲ ကျွန်တော်မြတ်နိုးပါတယ်။ အသင်းကထွက်မယ့်အကြောင်းအတွက်ဆိုရင်တော့ ပြောစရာစကားမရှိသေးပါဘူး"လို့ ရစ်ချာလီဆင်ကဆိုပါတယ်။