ရှေ့သို့
Image

ရန်းနစ်ရဲ့ ဩစတြီးယားကို သရေသာ ကစားနိုင်ခဲ့ပြီး ဇယားအောက်ဆုံးမှာ ဆက်ရှိနေတဲ့ ပြင်သစ်

8:50 AM, 11 June

ပြင်သစ်အသင်းဟာ ယမန်နေ့ညက ဩစတြီးယားကို အဝေးကွင်းမှာ သရေသာ ကစားနိုင်ခဲ့တာကြောင့် နေးရှင်းလိဂ်A အုပ်စု ၁ရဲ့ ဇယားအောက်ဆုံးမှာသာ ဆက်ရှိနေခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ဩစတြီးယားဂိုးသမား ပက်ထရစ် ပန့်ဇ်က လက်စွမ်းပြကာ ပြင်သစ်ရဲ့ ကန်ချက်တော်တော်များများကို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ပွဲအစပိုင်းမှာ ဘန်ဇီးမားရဲ့ ၆ကိုက် အကွာက  ပိတ်သွင်းချက်ကို ပန့်ဇ်က ချက်ချင်းဆိုသလို ကာကွယ်သွားခဲ့ပါတယ်။ ပြင်သစ်က ဦးဆောင်ဂိုးရဖို့ အခွင့်အရေးများစွာ ရခဲ့ပေမဲ့ ၃၆မိနစ်မှာ ဝီးမန်းက ဩစတြီးယားအတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပြင်သစ်တို့ မိနစ်၆၀ကျော်တဲ့ထိ ဘာမှ မလုပ်နိုင်ခဲ့တာကြောင့် နည်းပြ ဒက်စ်ချမ့်လည်း မက်ပီကို ထည့်ကစားခဲ့ရပါတော့တယ်။ မိနစ်၂၀အကြာမှာတော့ မက်ပီက အန်ကွန်ကူရဲ့ ပေးပို့မှုကနေ အကောင်းဆုံး အဆုံးသတ်ကာ ပြင်သစ်အတွက် သရေရစေမယ့် သွင်းဂိုး သွင်းယူပေးခဲ့ပါတယ်။

မက်ပီဟာ ပြီးခဲ့တဲ့ ပွဲစဉ် ၅ပွဲမှာ လူစားဝင်လာပြီး ပြင်သစ်အတွက် ၅ဂိုး ပါဝင်ပတ်သက်ထားပေမဲ့ ပြင်သစ်တို့ကတော့ ယခုရလဒ်အပေါ် ကျေနပ်မှာတော့ မဟုတ်ပါဘူး။ ဒိန်းမတ်ကတော့ ခရိုအေးရှားရဲ့ ဦးဆောင်ဂိုးကို ချေပနိုင်ခြင်းမရှိဘဲ အိမ်ကွင်းမှာ အရှုံးပေးခဲ့ရပါတယ်။

ပထမပိုင်းမှာ ဒိန်းမတ်က ကန်ချက် ၈ကြိမ် ကန်ခဲ့ပြီး ခရိုအေးရှားကတော့ ၁ခါသာ ကန်ခွင့်ရခဲ့ကာ ဂိုးမရှိ သရေနဲ့သာ အဆုံးသတ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ခရိုအေးရှားက မိုဒရစ်နဲ့ ကိုဗာဆစ်တို့ကို ထည့်ကစားခဲ့ပြီးနောက် ခြေစွမ်းတည်ငြိမ်လာခဲ့ပြီး ၆၈မိနစ်မှာ ပါဆာလစ်က တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ အိုလ်ဆင်က ဒိန်းမတ်အတွက် ချေပဂိုး ပြန်သွင်းခဲ့ပေမဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခံလိုက်ရလို့ ဒိန်းမတ်တို့ အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။ လိဂ်B အုပ်စု ၂ ပွဲစဉ်မှာ အစ္စရေးက အယ်လ်ဘေးနီးယားကို အိမ်ကွင်းမှာ ၂-၁ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

လိဂ်C အုပ်စု ၃ ပွဲစဉ်တွေမှာ ဆားဘီးယားက အဇာဘိုင်ဂျန်ကို ၁-၀ဂိုးနဲ့ နိုင်ခဲ့ပြီး ဘီလာရုဇ်နဲ့ ကာဇက်စတန်တို့က ၁ဂိုးစီ သရေကျခဲ့ပါတယ်။

#ပြင်သစ် #နေးရှင်းလိဂ် #ဩစတြီးယား