ရှေ့သို့
Image

ယူနိုက်တက်မှာ နည်းပြတန်ဟတ် အောင်မြင်လိမ့်မယ်လို့ ပြောခဲ့တဲ့ ဒီလစ်

3:02 PM, 10 June

ဂျူဗင်တပ်စ်ကြယ်ပွင့် ဒီလစ်ကတော့ အေဂျက်စ်နည်းပြဟောင်း အဲရစ်တန်ဟတ်ဟာ မန်ချက်စတာယူနိုက်တက်ကို အောင်မြင်အောင် လုပ်ပေးနိုင်တဲ့ အရည်အချင်းရှိကြောင်း ထောက်ခံခဲ့ပါတယ်။ တန်ဟတ်ဟာ ၂၀၁၃ တုန်းက အနားယူသွားခဲ့တဲ့ ယူနိုက်တက်ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်နောက်ပိုင်း ၅ ယောက်မြောက် နည်းပြဖြစ်လာခဲ့ပြီး ဒီရာသီမှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီ ဖြစ်ခဲ့မှုကို ပြန်အဖတ်ဆယ်ရမှာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ ရမှတ် ၅၈ မှတ်နဲ့ အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့တဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးထက် ၃၅ မှတ်လျော့နည်းခဲ့သလို လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့ပါတယ်။ တန်ဟတ်အတွက် လက်ရှိပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးအသင်း နှစ်သင်းဖြစ်တဲ့ စီးတီးနဲ့ လီဗာပူးကို စိန်ခေါ်နိုင်မှသာ ယူနိုက်တက်ကို ယခင်ကလို အောင်မြင်မှုမျိုးတွေ ပြန်လည်ဆောင်ကျဉ်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် တပည့်ဟောင်း ဒီလစ်ကတော့ အေဂျက်စ်အသင်းမှာ ပြည်တွင်းဖလား ၂ လုံးနဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်ခဲ့ဖူးတဲ့ နည်းပြတန်ဟတ်ဟာ သူ့အလုပ်သူ အကောင်းဆုံးဖြစ်အောင် လုပ်နိုင်စွမ်းရှိသူအဖြစ် ချီးကျူးခဲ့ပါတယ်။ ဂျူဗင်တပ်စ် နောက်ခံလူက “သူက ကိုယ့်အလုပ်ကိုယ် အရမ်းချစ်တဲ့သူမျိုးပါ၊ အလုပ်လုပ်နေရရင်ကို ပျော်နေတာမျိုးပေါ့။ ပြီးတော့ အရမ်းလည်း အသေးစိတ်တယ်။ အဲ့ဒါကြောင့်လည်း သူကနည်းပြကောင်းတစ်ယောက် ဖြစ်လာတာပါ။ အောင်မြင်အောင်လုပ်ဖို့ အရည်အသွေးတွေလည်း အများကြီးရှိတယ်။ ဒါကျွန်တော်တို့ ကိုယ်တိုင်မြင်တွေ့ခဲ့ရတာတွေပါ ”လို့ ပြောခဲ့ပါတယ်။

တန်ဟတ်အတွက် နောက်ထပ်ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုကတော့ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းမပြနိုင်ခဲ့တဲ့ ယူနိုက်တက်ရဲ့ ကြယ်ပွင့်ကစားသမားတွေ ပြန်လည် ခြေစွမ်းတောက်ပနိုင်ဖို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ဘရူနိုဖာနန်ဒက်စ်၊ ဟယ်ရီမက်ဂွာရီနဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်တို့ဟာ ပြီးခဲ့တဲ့တစ်ရာသီလုံး ခြေစွမ်းမပြနိုင်ခဲ့ကြပါဘူး။

ဒီလစ်က ဆက်လက်ပြီး “သူ (တန်ဟတ်) က ကစားသမားတွေကိုလည်း တိုးတက်အောင်လုပ်နိုင်ပါတယ်။ အသင်းရဲ့ ကစားပုံတိုးတက်လာဖို့ဆိုရင် သူလုပ်ချင်တာမှန်သမျှ လုပ်ချပစ်တတ်တယ် ” လို့ ပြောခဲ့ပါတယ်။ ဒီနွေရာသီမှာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့သတင်းကြီးနေတဲ့ ဘာစီလိုနာကွင်းလယ် ဖန်တီးရှင် ဖရန်ကီဒီဂျောင်နဲ့ ပက်သက်လို့လည်း ဒီလစ်က ပြောခဲ့ပါသေးတယ်။ ၂၅ နှစ်အရွယ် ကစားသမားဟာ ဒီလစ်နဲ့အတူ အေဂျက်စ်အကယ်ဒမီကနေ ပေါ်ထွက်လာသူဖြစ်ပါတယ်။ ဒီလစ်က သူ့ရဲ့နိုင်ငံအသင်းဖော်နဲ့ ပက်သက်လို့ “သူကအရမ်း အံ့သြဖို့ကောင်းတဲ့ ကစားသမားပါ၊ သူကအသင်းအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် သူကျွန်တော့်ကို (အပြောင်းအရွှေ့ကိစ္စ) ဘာမှမပြောပါဘူး ” လို့ ဖွင့်ဟခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂျူဗင်တပ်စ် #ဒီလစ်ချ်