ရှေ့သို့
Image

ဆွစ်ဇာလန်ကို အနိုင်ရအပြီး အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကာကွယ်ပြောကြားခဲ့တဲ့ စပိန် နည်းပြ အင်းနရစ်

11:10 AM, 10 June

ယနေ့နံနက်ပိုင်း၊ ဆွစ်ဇာလန်ကို အဝေးကွင်းတွင် တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်အပြီး စပိန်နည်းပြ အင်းနရစ်က အသင်း၏ စွမ်းဆောင်ရည်အပေါ် ကာကွယ်ပြောကြားခဲ့သည်။ အဆိုပါပွဲစဉ်တွင် ပွဲချိန် ၁၃ မိနစ်တွင် တန်ပြန်တိုက်စစ်မှတဆင့် မာကို့စ်လော်ရန်တေး၏ ပြိုင်ဘက် ဂိုးဧရိယာထဲ သု့ိ ဂိုးဖန်တီးပေးမှုကို ဆာရာဘီယာက ရိုးရှင်းသောပုံစံဖြင့် ကန်သွင်းယူခဲ့ရာ ပွဲစဉ်တစ်ခုလုံး၏ အဆုံးအဖြတ် သွင်းဂိုးကို ဖြစ်ပေါ်စေခဲ့သည်။

ယခုပွဲစဉ်တွင် စပိန်သည် ပွဲစဉ်တလျှောက်လုံး ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူခဲ့သော်လည်း ဆွစ်ဇာလန်၏ ဂိုးပေါက်ခြိမ်းခြောက်မှုများကို ခံစားခဲ့ရခြင်းကြောင့် စပိန်၏ကစားပုံအပေါ် မေးခွန်းထုတ်မှုများရှိလာသည်။ အလားတူ စပိန်၏ နောက်ဆုံးသုံးပွဲ၌ နှစ်ပွဲ ပါဝင်ခွင့်ရခဲ့သော ဗဟိုခံစစ်သမား ဒီယေဂိုလော်ရန်တေး၏ ပွဲထွက်ခွင့်အပေါ်လည်း မေးခွန်းထုတ်လာကြသည်။ နည်းပြအင်းနရစ်ကမူ ပွဲချဉ်းကပ်မှုဗျူဟာပိုင်းနှင့် လူစာရင်းရွေးချယ်မှုအပိုင်းတို့အပေါ် ကာကွယ်ပြောဆိုခဲ့သည်။

“ကျွန်တော် ဘောလုံးအကြောင်း အများကြီးသိပါတယ်။ လော်ရန်တေးက  သူရဲ့အကောင်းဆုံး ခြေစွမ်းရနေတဲ့ အချိန်မှာ ဝင်ကစားခဲ့တာပါ။ သူက ပွဲတွေ တောက်လျှောက်ကစားခဲ့တယ်။ သူရော၊ ပါအူတောရက်စ် နှစ်ယောက်စလုံးပါ။ ဒီနှစ်ယောက်က ဘတ်ကွက်စ်ဆီ ဘောလုံးကို မရောက်ရောက်အောင် ပေးနိုင်ခဲ့တဲ့ အချက်ကလည်း အရေးကြီးပါတယ်။ မိုရာတာက အသင်းအတွက် အံ့မခန်းစွမ်းဆောင်ပေးနေသလို အဆန်စီယိုကလည်း ကျွန်တော်တို့ကို အကူအညီတွေ ပေးပါတယ်။ သူတို့က ကျွန်တော်တို့ကို အခွင့်အရေးကောင်းတွေ ဖန်တီးပေးနိုင်ပါတယ်။ အမှန်ပါပဲ၊ ပြိုင်ဘက်က ကျွန်တော်တို့ကို ဖိအားပေးပြီး ကွင်းရဲ့တစ်ဖက်ခြမ်းထဲမှာပဲ ရှိနေစေခဲ့လို့ ကျွန်တော်တို့ ဖြေရှင်းစရာ မရှိခဲ့ဘူး။ မင်းက ဘောလုံးရရှိချိန်မှာ ရှေ့တန်းတိုက်စစ်မှူးဆီ ဘောလုံးကို ကောင်းကောင်းပေးပို့နိုင်မယ်ဆိုရင်တော့ ပြိုင်ဘက်ကပေးထားတဲ့ ဖိအားတွေကို ကျွန်တော်တို့ အလှည့်အပြောင်းလုပ်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့ ဒီပုံအတိုင်းကောင်းကောင်းလုပ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့အသင်းရဲ့ ပုံစံမဟုတ်ပါဘူး။ ကျွန်တော်တိုရဲ့ ရိုးရာကစားပုံက ဘောလုံးပိုင်ဆိုင်မှုကို ထိန်းသိမ်းပြီး တိုက်စစ်ဆင်ကစားတာပါ”ဟု အင်းနရစ်က ဆိုသည်။

ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားခြင်းသည် လူးဝစ်အင်းနရစ်၏အသင်း ပုံမှန်ကစားပုံဖြစ်သော်လည်း ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူထားမှုနှင့်အတူ ဂိုးကန်သွင်းခွင့်နှင့်အရည်အသွေးကို ထူးထူးခြားခြား မပြောင်းလဲနိုင်သောကြောင့် ပေါ်တူဂီ၊ချက်တို့နှင့် ရင်ဆိုင်ကစားရာတွင် သရေရလဒ်သာ ပိုင်ဆိုင်ခဲ့သည်။

“ဆွစ်ဇာလန်က အိမ်ကွင်းရှုံးပွဲမရှိတာ ရှစ်နှစ်လောက်ရှိပါပြီ။ ၂၃ ပွဲဆက်လောက်ကို ရှုံးပွဲမတွေ့ခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့မှာ သူတို့ကို အနိုင်ယူဖို့ အခွင့်အရေးရှိခဲ့ပါတယ်။ ကျွန်တော်အနေနဲ့ ကစားသမားတွေရဲ့ စိတ်ဓါတ်ပိုင်း၊ စွမ်းဆောင်ရည်ပိုင်းအတွက် ပျော်ရွှင်မိပါတယ်။ ဒီပွဲက စပိန်အသင်းအတွက် ကိုယ့်အားကိုယ်ကိုးဖို့ အလားအလာတွေပေးခဲ့တဲ့ အပေါင်းလက္ခဏာဆောင်တဲ့ ပွဲစဉ်တစ်ခုပါ”ဟု အင်းနရစ်ကဆိုသည်။

#စပိန် #နေးရှင်းလိဂ် #အင်းနရစ် #ဆွစ်ဇာလန်