ရှေ့သို့
Image

နေးရှင်းလိဂ် အုပ်စုပထမနေရာ အတွက် စပိန်ကို ဖယ်ထုတ်လို့ မရသေးကြောင်း ပေါ်တူဂီ နည်းပြဆို

9:20 AM, 10 June

နည်းပြ ဖာနန်ဒို ဆန်းတို့စ်က ပေါ်တူဂီအသင်းဟာ နေးရှင်းလိဂ် အုပ်စုမှာ စပိန်ရဲ့ အထက်မှာ ရပ်တည်နိုင်ဖို့ လုပ်စရာ အများကြီး ကျန်သေးကြောင်း ပြောခဲ့ပါတယ်။ ၂၀၁၉ခုနှစ်က နေးရှင်းလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ ပေါ်တူဂီအသင်းဟာ ယမန်နေ့ည ချက်ကို နိုင်ခဲ့ပြီးနောက် အုပ်စု A၂ရဲ့ ဇယားထိပ်မှာ ၂မှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။

စပိန်ကတော့ ၂ပွဲဆက် သရေပွဲအပြီး ယမန်နေ့ညကတော့ ယခုနှစ် နေးရှင်းလိဂ် ပထမဆုံးနိုင်ပွဲအဖြစ် ဆွစ်ဇာလန်ကို အဝေးကွင်းမှာ အနိုင်ရခဲ့ပါတယ်။ ပေါ်တူဂီနဲ့ စပိန်တို့ဟာ နောက်ဆုံးပွဲစဉ်အဖြစ် ကစားရမှာ ဖြစ်ပေမဲ့ ပေါ်တူဂီက ဆွစ်ဇာလန်၊ ချက်တို့နဲ့ အရင်ကစားရဖို့ ရှိနေပါတယ်။ အုပ်စုပွဲစဉ် တစ်ဝက်လောက်ပဲ ကစားရသေးတဲ့ အခြေအနေမှာ ဆန်းတို့စ်က ဘာကိုမှ အာမခံချက် ပေးထားခြင်း မရှိသေးပါဘူး။

ဆန်းတို့စ်က “ကျွန်တော်တို့ ပထမနေရာ ရနေတာ အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အုပ်စုထဲက အခြားအသင်းတွေလည်း နိုင်ပွဲရအောင် ကစားကြမှာပါ။ ခု ၃ပွဲကစားဖို့ ကျန်ပါသေးတယ်” “စပိန်လည်း ဒီနေ့ နိုင်ခဲ့ပြီး ကျွန်တော်တို့က ၂မှတ် ဖြတ်ထားပါတယ်။ ပုံမှန်အားဖြင့် ဒီအုပ်စုက အားလုံးအတွက် အခွင့်အရေး ရှိနေပါတယ်။ ဒါကြောင့် ဒီအုပ်စုရဲ့ အဖြေက အခုမဟုတ်ဘဲ စက်တင်ဘာလကျမှ ထွက်မှာပါ”လို့ ပြောခဲ့ပါတယ်။

ဆက်လက်ပြီး ဆန်းတို့စ်က “ကျွန်တော်တို့ အထူးသဖြင့် ပထမပိုင်းမှာ ပိုကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ နေရာလွတ်တွေရှာပြီး ဘောလုံးပေးပို့နိုင်ခဲ့ပါတယ်” “ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပိုကြိုးစားခဲ့ပေမဲ့ သူတို့က အသင်းကောင်းဖြစ်တာကြောင့် ကျွန်တော်တို့ကို တားဆီးဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ ဂိုးပိုသွင်းချင်ခဲ့ပေမဲ့ ဂိုးတွေတော့ ထပ်မရခဲ့ပါဘူး” “ဒီပွဲက ကျွန်တော်တို့အတွက် အရေးပါတဲ့ နိုင်ပွဲ၁ခု ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သမျှ ပြိုင်ပွဲအတွက် နိုင်ပွဲတွေ ရှာဖွေသွားပါမယ်”လို့ ပြောခဲ့ပါတယ်။

#စပိန် #ပေါ်တူဂီ #နေးရှင်းလိဂ် #ဖာနန်ဒိုဆန်းတို့စ်