ရှေ့သို့
Image

ဂွာဒီယိုလာထက် ဆောက်ဂိတ် လက်အောက်မှာ ကစားရတာ ပိုလွတ်လပ်တယ်လို့ ဂရီးလစ်ရှ် ဝန်ခံ

1:23 PM, 9 June

မန်ချက်စတာစီးတီးကြယ်ပွင့် ဂျက်ဂရီးလစ်ရှ်ကတော့ သူကမန်စီးတီးမှာထက် အင်္ဂလန်အသင်းမှာ ပိုကောင်းအောင် ကစားနိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။

ပေါင်သန်း ၁၀၀ တန် ဗြိတိန်စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဂရီးလစ်ရှ်ဟာ သူ့ရဲ့အသင်းသစ်နဲ့ ပထမဆုံး ရာသီမှာတင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာ အသင်းခေါင်းဆောင်ဟောင်းဟာ အင်္ဂါနေ့က ဂျာမနီနဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ အင်္ဂလန်အသင်းအတွက်တော့ ခြေစွမ်းပြကစားခဲ့ပါတယ်။

ထိုပွဲပြီးတဲ့နောက် ဂရီးလစ်ရှ်က “ကျွန်တော်စီးတီးမှာတုန်းက နည်းနည်းအန္တရာယ်ကင်းအောင် ကစားရတယ်လို့ ထင်တယ်။ ဒါပေမယ့် အင်္ဂလန်အသင်းကိုရောက်တော့ ကောင်းကောင်းလေ့ကျင့်နိုင်တယ်၊ ဂိုးတွေသွင်းတယ်၊ ဂိုးဖန်တီးမှုတွေလုပ်တယ် ဘာလိုသေးလဲ။ ဒီမှာက ပိုပြီးလွတ်လွတ်လပ်လပ် ကစားနိုင်တယ်လို့ ခံစားရတယ်။ ဒီပုံစံမျိုးကို ကလပ်အသင်းမှာလည်း ပြနိုင်ပြီးတော့ အများကြီးပိုတိုးတက်ချင်ပါတယ်”လို့ပြောခဲ့ပါတယ်။

၂၆ နှစ်အရွယ်ရှိ ဂရီးလစ်ရှ်ဟာ စီးတီးအတွက် ၃၁ ပွဲ ပွဲထွက်ကစားခဲ့ပြီး ၈ ပွဲ လူစားဝင်ကစားခဲ့ပါတယ်။ သွင်းဂိုး ၆ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ အင်္ဂလန်နည်းပြ ဆောက်ဂိတ်နဲ့ စီးတီးနည်းပြ ဂွာဒီယိုလာတို့ကြားက ကြီးမားတဲ့ ကွာခြားချက်ကလည်း ကစားရတာပိုပြီး ဖိအားများတယ်လို့ ပြောခဲ့ပါသေးတယ်။

ဂရီးလစ်ရှ်က “နည်းပြနှစ်ယောက်က သေချာပေါက် ကွာခြားတာပေါ့၊ အဲ့တာကြောင့်လည်း ခက်တာ။ ဂါရတ်ကတော့ တွေးထားတာနဲ့တူတယ်။ ပုံသေသတ်မှတ်ထားတဲ့ ကစားကွက်နဲ့ ကစားဟန်မျိုးရှိရင်တော့ တခြားနေရာမှာ ကစားရတာအဆင်ပြေတယ်ဆိုလည်း အိုကေ မင်းအဲ့ဘက်ပြောင်းကစားဆိုတဲ့ သူမျိုးပါ။ ဒါက တကယ့်လွတ်လပ်မှုအစစ်တော့ မဟုတ်ဘူး၊ လွတ်လပ်မှုအစစ်အမှန်က ကျွန်တော်ကိုယ်တိုင်ပါ။ ဒီပုံစံမျိုးကို စီးတီးမှာလည်း လုပ်နိုင်ဖို့ မျှော်လင့်မိပါတယ်”လို့ ပြောခဲ့ပါတယ်။

လာမယ့်တနင်္ဂနွေနေ့မှာတော့ ဝုဗ်အသင်းရဲ့ကွင်း မိုလီနော့စ်မှာ အင်္ဂလန်အသင်းရဲ့ အိမ်ကွင်းအဖြစ်နဲ့ အီတလီအသင်းကို နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရင်ဆိုင်ရဖို့ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဂျာမနီနဲ့ပွဲမှာ လူစားဝင်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့်လည်း ဂရီးလစ်ရှ် တစ်ယောက် ဒီပွဲမှာ ပွဲထွက်ကစားခွင့်ရရှိဖို့ မျှော်လင့်နေပါတယ်။

#မန်စီးတီး #အင်္ဂလန် #ဂွါဒီယိုလာ #ဂရီးလစ်ရှ်