ဘာစီလိုနာကို ပြောင်းဖို့ လိဒ်ယူနိုက်တက်နဲ့ တိုက်ပွဲဝင်မယ့် ရာဖင်ဟာ
1:23 PM, 8 June
လိဒ်စ်ယူနိုက်တက် တောင်ပံကစားသမား ရာဖင်ဟာကတော့ အခုနွေရာသီမှာ ဘာစီလိုနာကိုပြောင်းဖို့ လိဒ်နဲ့တိုက်ပွဲဝင်မယ်လို့ သိရပါတယ်။
ဘရာဇီးလ်သားကို ဘာစီလိုနာအသင်းက ချိတ်ဆက်နေပြီး ကံကောင်းထောက်မစွာနဲ့ တန်းမဆင်းခဲ့ရတဲ့ လိဒ်စ်က ယူရို ၂၅ သန်း နဲ့ သန်း ၃၀ ကြားလိုချင်နေပါတယ်။ အသင်းက ထိပ်တန်းအဆင့်မှာရပ်တည်နိုင်ဖို့ ရုန်းကန်နေရသလို ဘာစီလိုနာကလည်း ရာဖင်ဟာကို စိတ်ဝင်စားနေဆဲဖြစ်ကာ အခုချိန်မှာ ကစားသမားကိုယ်တိုင်က ပြောင်းဖို့ အားထုတ်လာခဲ့တာဖြစ်ပါတယ်။
သတင်းဌာနတစ်ခုကတော့ ရာဖင်ဟာဟာ လိဒ်စ်ယူနိုက်တက်ကနေ ထွက်ခွာဖို့ လုပ်ဆောင်လာတယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒီမာရီယာနဲ့ ဆန်းချက်ဇ်တို့က သူတို့ကိုယ်တိုင် ဘာစီလိုနာကို ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာက ရာဖင်ဟာကိုပဲ စိတ်ဝင်စားနေတာဖြစ်ပါတယ်။
စပိန်သတင်းတွေအရ ဘာစီလိုနာဟာ ရာဖင်ဟာကို မကမ်းလှမ်းရသေးပဲ ဒမ်ဘီလီအနာဂတ်ကို သေချာရှင်းလင်းအောင်လုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြနေကြပါတယ်။ ဘာစီလိုနာက ဒမ်ဘီလီကို ဆက်လက်ကြိုးစားနေပေမယ့် ကစားသမားက စာချုပ်သစ်တွေကို ငြင်းဆန်ထားတာဖြစ်ပါတယ်။
လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီက ဒမ်ဘီလီကို ခေါ်ယူလိုစိတ်မရှိတော့ပဲ ချဲလ်ဆီးကသာ ပြင်သစ်သားကို ချိတ်ဆက်နေတာဖြစ်ပါတယ်။ ရာဖင်ဟာက လာမယ့်ကမ္ဘာ့ဖလားအတွက် အရေးပါတဲ့အနေအထားမှာ ဆက်နေမလား ပြောင်းမလားဆိုတာကို မကြာခင်ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။
“လာမယ့်ကမ္ဘာ့ဖလားအတွက် ပုံမှန်ကစားခွင့်ရဖို့ အရေးကြီးပါတယ်။ ကျွန်တော် ဆက်နေမလား ထွက်မလားဆိုတာ ကျွန်တော်အကောင်းဆုံးလုပ်ဆောင်သွားမှာပါ။ ကမ္ဘာ့ဖလားအတွက် နေရာတစ်နေရာရအောင် ကြိုးစားသွားမှာပါ။ လာမယ့်ပွဲက ဂျပန်နဲ့ပွဲရှိနေပါတယ်။ အဲ့နောက် ကျွန်တော် ခရီးထွက်ပြီး လိဒ်နဲ့စာချုပ်သက်တမ်းက ၂၀၂၄ အထိ ရှိနေပါတယ်။ ကျွန်တော့်အနာဂတ်က လိဒ်လက်ထဲမှာပါ။ အခုတော့ ကျွန်တော့်စိတ်ထဲမှာ နိုင်ငံအသင်းပဲရှိနေပါတယ်။ အပြောင်းအရွှေ့ပြဿနာကို အသင်းက ဖြေရှင်းပါလိမ့်မယ်”လို့ ရာဖင်ဟာက ပြောကြားခဲ့ပါတယ်။