ရှေ့သို့
Image

အချင်းများနေတဲ့ ပြိုင်ဘက် ကစားသမားနှစ်ဦးကို ဖြန်ဖြေပေးတဲ့ ဆွန် နိုဘယ်လ်ဆု ရသင့်တယ်လို့ ချီးကျူး

1:20 PM, 8 June

တောင်ကိုရီးယားနိုင်ငံ၊ ဒယ်ဂျုံမြို့မှာ တောင်ကိုရီးယားနဲ့ ချီလီတို့ ယှဉ်ပြိုင်ကစားတဲ့ ချစ်ကြည်ရေးပွဲစဉ်အတွင်း ချီလီကစားသမားနှစ်ယောက်အကြား အငြင်းပွားမှုတစ်ခုကို ဆွန်ဟောင်မင်က ဖြန်ဖြေပေးခဲ့ပါတယ်။

ဒီပွဲစဉ်မှာ တော့တင်ဟမ်ကြယ်ပွင့်ရဲ့ နာကျင်အချိန်ပိုသွင်းဂိုးအပါအဝင် တောင်ကိုရီးယားက ချီလီကို နှစ်ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ဒါ့အပြင် တောင်ကိုရီးယားကပ္ပတိန်ဆွန်က  သူရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ပြိုင်ဘက်အသင်းသားနှစ်ဦးအကြား အပြန်အလှန်အငြင်းပွားနေချိန်မှာ ပြသခဲ့ပါတယ်။

ပွဲကစားချိန်အတွင်း ကွင်းလယ်စက်ဝိုင်းနားမှာ ချီလီနောက်ခံလူ ပါအူလိုဒီယက်ဇ်နဲ့ ဘင်ဂျမင်ကူစီဗစ်တို့ တစ်ဦးနဲ့တစ်ဦး အော်ဟစ်ပြီး ခိုက်ရန်ဖြစ်တော့မယ့်အချိန် ဆွန်ရောက်လာခဲ့ပြီး ချက်ချင်းဆိုသလို ဒီယက်ဇ်ကို သူရဲ့ပုံမှန်နေရာဆီ ပြန်တွန်းထုတ်ခဲ့သလို ကူစီဗစ်ကိုလည်း လက်နဲ့ဆွဲထားခဲ့ပါတယ်။ အဲ့ဒီအခိုက်အတန့်က လူမှုကွန်ရက်စာမျက်နှာတွေပေါ် အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ အချို့ကဆိုရင် အသက် ၂၉ နှစ်အရွယ် တောင်ကိုရိးယားစတားကို ငြိမ်းချမ်းရေးနိုဘယ်လ်ဆုချီးမြှင့်သင့်တယ်လို့ အရွှမ်းဖောက်ခဲ့ကြပါတယ်။

Twitter လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက “သူ့ကို နိုဘယ်လ်ငြိမ်းချမ်းရေးဆု ပေးသင့်သလား”လို့ စနောက်မေးမြန်းခဲ့သလို နောက်တစ်ဦးကလည်း “သူ့ကို မြောက်ကိုရီးယားကိုပို့လိုက်ပါ။ သူပေါင်းစည်းပေးပါလိမ့်မယ်”လို့ အရွှမ်းဖောက်ရေးသားခဲ့ပါတယ်။

ဒီပွဲစဉ်မှာတော့ ချီလီဘယ်နောက်ခံလူ အီဘာကာချီ ကစားပုံကြမ်းတမ်းတာကြောင့် ဒုတိယပိုင်းအစောပိုင်းမှာပဲ နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရလို့ လက်ကျန်ပွဲချိန်တွေကို ကစားသမား ၁၀ ဦးတည်းနဲ့ ယှဉ်ပြိုင်ခဲ့ရတာပါ။ တောင်ကိုရီးယားလက်ရွေးစင်ဆွန်က ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ဘောလုံးရာသီမှာ တော့တင်ဟမ်အတွက် ၂၃ ဂိုး သွင်းယူပြီး လိဂ်ရွှေဖိနပ်ဆုကို မိုဆာလက်နဲ့ ပူးတွဲရရှိခဲ့သလို ကလပ်အသင်းကိုလည်း ဥရောပချန်ပီယံလိဂ်ဝင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဆွန်ရဲ့ လက်ရွေးစင်အဆင့်မှတ်တမ်းတွေကို ပြန်ကြည့်ရင်လည်း နိုင်ငံအသင်းအတွက် ပွဲ ၁၀၀ ကျော် ကစားပေးထားပြီး ၃၂ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

#ဆွန်ဟောင်မင် #တောင်ကိုရီးယား #ချီလီ