ရှေ့သို့
Image

မီလ်နာရဲ့ ပရော်ဖက်ရှင်နယ်ပီသမှုသည် အခြားကစားသမားများအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်ဟု ကလော့ပ်ဆို

4:37 PM, 7 June

လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ကွင်းလယ်လူ ဂျိမ်းမီလ်နာအား စာချုပ်သက်တမ်းတစ်နှစ်တိုးမှုသည် အသင်းအတွက် အရေးကြီးဆုံးကိစ္စတစ်ခုအဖြစ် ဖော်ညွှန်းလိုက်ပြီး ကွင်းလယ်လူသည် အန်ဖီးလ်၌ စံသတ်မှတ်တစ်ချက်ဖြစ်ကြောင်း ချီးကျူးဂုဏ်ပြုသည်။ ၂၀၁၅ ခုနှစ်တွင် မန်ချက်စတာစီးတီးမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးသို့ ရောက်ရှိလာသော မီလ်နာသည် သမိုင်းဝင်ဆုဖလားအောင်မြင်မှုများ ရယူရာတွင် အသင်းနှင့် တသားတည်းရှိခဲ့သူဖြစ်သည်။

ယခုလကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည့် မီလ်နာ၏ အနာဂတ်အတွက် သံသယများ ရှိခဲ့သော်လည်း ယမန်နေ့က အသင်းနှင့် တစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ်ကို သဘောတူလက်မှတ်ရေးထိုးခဲ့သည်။ အသက် ၃၆ နှစ်အရွယ် ကစားသမားသည် ယခုရာသီ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၃၉ ပွဲကစားခဲ့ပြီး ၁၄ ပွဲကို ပွဲထွက်ကစားခဲ့ကာ ပွဲကစားချိန် ၁၃၈၀ မိနစ်အထိ ရှိခဲ့သည်။

“မီလ်နာရဲ့စာချုပ်သက်တမ်းတိုးမှုက ကျွန်တော့်ကို ဝမ်းမြောက်ကြည်နူးစေပါတယ်။ ဒါက ကျွန်တော်တို့အားလုံး အတွက် အရေးကြီးဆုံးကိစ္စဖြစ်ပါတယ်။ အဝတ်လဲခန်းထဲမှာ မီလ်နာရဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ အသင်းအပေါ်လွှမ်းမိုးနိုင်စွမ်းက ကိစ္စတော်တော်များ များကို ပြီးမြောက်စေလို့ ဒီလိုလက်မှတ်ရေးထိုးမှုက မှန်ကန်သလို လျော်ကန်သင့်မြတ်ပါတယ်။ ဒါပေမယ့် ကွင်းထဲမှာဆိုရင် အဆင့်တစ်ခုအထိ စွမ်းဆောင်ပြနေတဲ့ သူရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်ကိုလည်း လျစ်လျူမရှု သင့်ပါဘူး။ ဒါတွေကြောင့်ပဲ ကျွန်တော်တို့ သူ့ကို လက်လွှတ်ခံလို့ မရတာပါ။ သူရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုပြယုဂ်ကလည်း အခြားကစားသမားတွေအတွက် စံသတ်မှတ်ချက်တစ်ရပ် ဖြစ်ပြီးတော့ ဒါကပဲ သူရဲ့စိတ်နေစိတ်ထား၊ စွမ်းဆောင်ရည်တွေနဲ့အတူ အသင်းအတွက် ပေးဆပ်နေတဲ့ အကြောင်းအရာတွေပါ။ ပြီးခဲ့တဲ့ဘောလုံးရာသီက ကျွန်တော်တို့အသင်းအတွက် အရှည်လျားဆုံး ဘောလုံးရာသီတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”

“မီလ်နာကလည်း ဒီခရိးစဉ်တလျှောက် အသန်မာဆုံး၊ အကောင်းဆုံး၊ လွှမ်းမိုးမှုအများဆုံးအထိ လုပ်ပြနိုင်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဒီစာချုပ်သက်တမ်းတိုးမှုကို သုံးသပ်ဆွေးနွေးတဲ့နေရာမှာ သူ့ရဲ့ အသင်းအပေါ် အထောက်အကူပေးနိုင်စွမ်းတွေအပေါ်မှာပဲ အာရုံစိုက်ထားသင့်ပါတယ်။ ကျွန်တော် သူ့ကို ပေးမယ့်အဖြေကလည်း ဒီအတိုင်းပါပဲ။ ကျွန်တော်တို့ သူ့ကို လိုအပ်နေတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ မီလ်နာက အစားထိုးလို့မရတဲ့သူ ဖြစ်နေလို့ပါ။ သူက လုပ်နိုင်ဆဲ၊ ကျွန်တော်တို့က လိုအပ်နေဆဲ ဖြစ်နေလို့ပါ။ သူရဲ့ သာမန်ထက်ပိုတဲ့ အလုပ်အကိုင်သက်တမ်းတွေထဲမှာ အချိန်နောက်တစ်နှစ်ကို ကျွန်တော်တို့အတွက် ထပ်ပေးခဲ့တဲ့အတွက် ကျွန်တော် ကျေးဇူးတင်ပါတယ်”ဟု ကလော့ပ်က ဆိုသည်။

#လီဗာပူး #ကလော့ပ် #မီလ်နာ